ထိုင်းနိုင်ငံမြောက်ပိုင်း နခွန်ရတ်ချ်စီမားခရိုင် ရထားလမ်းအနီး အသတ်ခံထားရသော မြန်မာနိုင်ငံသားအမှုတွင် ကျူးလွန်သည်ဟု ယူဆရသော ဆယ်ကျော်သက် ထိုင်းလူငယ်လေးဦးကို ဖမ်းဆီးထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
အသက် ၃၅ နှစ်အရွယ် ကိုအောင်ကျော်စိုးအမည်ရှိ မြန်မာနိုင်ငံသားသည် မေလ ၂၀ ရက် ညက နခွန်ရတ်ချ်စီများမြို့ ကျီရာရထားလမ်းမှတ်တိုင်အနီးတွင် ထိုးသွင်းဒဏ်ရာများဖြင့် လဲကျနေသည်။
ယင်းအနီးနေထိုင်သူတစ်ဦးက ငိုသံကြား၍ လာကြည့်ရာမှ ကိုအောင်ကျော်စိုးမှာ အိတ်ကိုင်လျက် သွေးအိုင်ထဲလဲနေ၍ ရဲတပ်ဖွဲ့ထံ တိုင်ကြားပေးခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များက ကိုအောင်ကျော်စိုးကို မဟာရတ်နခွန်ရတ်ချ်စီမားဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။
ကိုအောင်ကျော်စိုးကို သတ်ဖြတ်မှုနှင့်ပတ်သက်၍ သံသယရှိသော အသက် ၁၃ နှစ်မှ ၁၉ နှစ်အရွယ် ထိုင်းနိုင်ငံသား လူငယ်လေးဦးကို မေလ ၂၂ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။
၎င်းတို့နှင့်အတူ အခင်းဖြစ်သောအချိန် အသုံးပြုခဲ့သော ဓားကို သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
၎င်းတို့လေးဦးအနက် တစ်ဦးက ကိုအောင်ကျော်စိုးကို ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ပြီး ကျန်သူများက ရိုက်နှက် ကန်ကျောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုသည်။
ဓားဖြင့်ထိုးခဲ့သော ထိုင်းလူငယ်က ပြီးခဲ့သောလက ခိုးယူမှုဖြင့် ထောင်ကျနေရာမှ ပြန်လွတ်လာသူဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုင်းလူငယ်များသည် ကိုအောင်ကျော်စိုးနှင့် တွေ့ဆုံခဲ့ဖူးခြင်းမရှိဘဲ အခင်းဖြစ်သောညက စကားများ ရန်ဖြစ်ခဲ့ရာမှ ဓားထိုးမှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။
လက်ရှိတွင် ထိုင်းလူငယ်လေးဦးကို လူသတ်မှုဖြင့် အမှုဖွင့်ထားကြောင်း ဖော်ပြသည်။










