ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်း-မြန်မာနယ်စပ်တွင် ဆေးကုပေးနေသော ထိုင်းဆရာဝန်ကို WHO က ဂုဏ်ပြုဆုချီးမြှင့်

May 21, 2026

ထိုင်း-မြန်မာနယ်စပ်နေ မြန်မာနိုင်ငံသားများအပါအဝင် အထောက်အထားမဲ့ ပြည်သူများကို ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ထိုင်းဆရာဝန် Dr Worawit Tontiwattanasap ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်။

မေလ ၂၀ ရက်နေ့က ကျင်းပသော ၇၉ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် Dr Worawit Tontiwattanasap သည် ၂၀၂၆ ခုနှစ် ယူအေအီးကျန်းမာရေးဖောင်ဒေးရှင်းကပေးသော ဂုဏ်ပြုဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

Dr Worawit Tontiwattanasap သည် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် အုန်းဖန်ဆေးရုံ၏ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ဒေသ ဝေးလံခေါင်ဖျားသော ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့်အတွက် ဆုရရှိခဲ့ခြင်းဖြစ်သည်။

ဆုငွေအနေဖြင့် အမေရိကန်ဒေါ်လာ ၄၀,၀၀၀ နှင့်အတူ ဆုလက်မှတ်၊ ဆုတံဆိပ်များကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

Dr Worawit Tontiwattanasap သည် ထိုင်း-မြန်မာနယ်စပ်နေ ဝေးလံခေါင်သီသော ပြည်သူများ၊ စစ်ဘေးရှောင်များအပြင် နိုင်ငံမဲ့ ပြည်သူများကို အခြေခံကျန်းမာရေးစောင့်ရှောက်မှု ရရှိအောင် စွမ်းဆောင်ပေးနိုင်သူဖြစ်ကြောင်း ဖော်ပြထားသည်။

“ဘယ်နိုင်ငံသား၊ လူမျိုးဖြစ်စေ လူသားအားလုံးက ကျန်းမာရေး၊ လုံခြုံရေးနဲ့ သူတို့ရဲ့ အနာဂတ်အတွက် မျှဝေခံစားပိုင်ခွင့်ရှိကြတယ်။ ကျွန်တော်တို့ရဲ့ တာဝန်က နယ်မြေအရမဟုတ်ဘဲ ကျွန်တော်တို့ရဲ့ ကျင့်ဝတ်တန်ဖိုးနဲ့ လူသားဆန်မှုတွေကနေ လုပ်ဆောင်ဖို့ ဖြစ်တယ်” ဟု Dr Worawit Tontiwattanasap က ဆိုသည်။

သူသည် နယ်စပ်ဒေသတွင် ရွှေ့လျားဆေးခန်းများဖွင့်၍ နှစ်နိုင်ငံက ပြည်သူများကို အခြေခံကျန်းမာရေး စောင့်ရှောက်မှုများ ဖြန့်ကျက်ပေးနေသူဖြစ်သည်။

အထူးသဖြင့် ကာကွယ်ဆေးထိုးခြင်း၊ ရောဂါကာကွယ်ခြင်း၊ ငှက်ဖျား၊ တီဘီ၊ သွေးလွန်တုပ်ကွေး၊ ကိုယ်ဝန်ဆောင်မိခင် စောင့်ရှောက်ရေးနှင့် ကျောက်ကပ်ဆေးခြင်း စသော ကျန်းမာရေး စောင့်ရှောက်မှုများကို လုပ်ဆောင်ပေးနေသူဖြစ်သည်။

ထို့အပြင် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံစလုံးမှ သားဖွားသူနာပြုနှင့် ကျန်းမာရေးလုပ်သားများကို လေ့ကျင့်သင်ကြားပေးနေသူဖြစ်ပြီး လူသားချင်းစာနာမှုအကူအညီ ပေးအပ်ရာတွင်လည်း ထောက်ပံ့ပေးနေသူဖြစ်သည်။

Ref: The Nation Thailand, WHO