ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီရန်စစ်အင်အား ပြန်တည်ဆောက်မှု ခန့်မှန်းထားသည်ထက် ပိုမြန်

May 22, 2026

ဧပြီလဆန်းပိုင်းက စတင်ခဲ့သည့် ခြောက်ပတ်ကြာ အပစ်ရပ်ကာလအတွင်း အီရန်စစ်တပ်သည် ကနဦးခန့်မှန်းထားသည်ထက် များစွာပိုမိုမြန်ဆန်စွာ စစ်အင်အားပြန်လည်စုဖွဲ့ တည်ဆောက်နေကြောင်း အမေရိကန်ထောက်လှမ်းရေးနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များကို ကိုးကား၍ CNN သတင်းဌာနက ဖော်ပြသည်။

အပစ်ရပ်ကာလအတွင်း အီရန်က ၎င်း၏ ဒရုန်းထုတ်လုပ်မှုအချို့ကို ပြန်လည်စတင်နေခဲ့ပြီဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြသည်။

ယင်းမှာ အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ကျဆင်းသွားခဲ့ရသည့် စစ်ရေးစွမ်းဆောင်ရည်အချို့ကို အီရန်က အလျင်အမြန် ပြန်လည်တည်ဆောက်နေသည့် လက္ခဏာတစ်ခုဖြစ်ကြောင်း အမေရိကန်ထောက်လှမ်းရေးနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်နှစ်ခုကို ကိုးကား၍ ဖော်ပြထားခြင်းဖြစ်သည်။

အီရန်က စစ်အင်အားအလျင်အမြန် ပြန်တည်ဆောက်နေခြင်းကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် အီရန်အပေါ် ဗုံးကြဲတိုက်ခိုက်မှု ပြန်စပါက အီရန်သည် ဒေသတွင်းရှိ မဟာမိတ်များအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဆက်ရှိနေဦးမည်ဟု CNN သတင်းတွင် ဖော်ပြထားသည်။

အီရန်အနေဖြင့် ၎င်း၏ ဒရုန်းတိုက်ခိုက်မှုစွမ်းရည်ကို အစောဆုံး ခြောက်လအတွင်း အပြည့်အဝ ပြန်လည်စုဖွဲ့ တည်ဆောက်နိုင်လိမ့်မည်ဟု အမေရိကန်ထောက်လှမ်းရေး၏ သုံးသပ်ချက်က ညွှန်ပြနေကြောင်း ဖော်ပြထားသည်။

တိုက်ခိုက်မှုများ ပြန်စလာပါက အီရန်သည် လက်ရှိတွင် သိသိသာသာ ကျဆင်းသွားသည့် ၎င်း၏ ဒုံးကျည်ထုတ်လုပ်မှုစွမ်းရည်ကို ဖြည့်တင်းရန်အတွက် ဒရုန်းများကို ပိုမိုလွှတ်တင်ကာ တိုက်ခိုက်လာနိုင်ခြေရှိပြီး အစ္စရေးနှင့် ပင်လယ်ကွေ့နိုင်ငံများကို ဆက်လက်ပစ်ခတ် တိုက်ခိုက်သွားနိုင်ခြေ ရှိနေသည်။

Ref: CNN