ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဒေါနအရှေ့ခြမ်း တိုက်ပွဲတွင် စစ်အာဏာရှင်တပ်စစ်ကြောင်း အထိနာ

August 4, 2026

ပုံစာ - KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - KNU

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဒေါနအရှေ့ခြမ်းတွင် တိုက်ပွဲတွင် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ သေဆုံးပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး KNU ၊ တပ်မဟာ (၆) နယ်မြေ ဒေါနအရှေ့ခြမ်းသို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဩဂုတ်လ ၃ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

လက်လွှတ်ဆုံးရှုံးခဲ့ရသည့် နယ်မြေများ ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကော်မရှင် တပ်မ ၂၂ လက်အောက်ခံ ခမရ-၂၀၃၊ ခမရ-၂၁၀ တပ်ရင်းတို့ကအင်အားအလုံးအရင်းဖြင့် ဒေါနအရှေ့ခြမ်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ဖော်ပြသည်။

အဆိုပါစစ်ကြောင်းကို KNLA တပ်ရင်း (၂၈) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောဒါဘော ဦးဆောင်သော KNLA တပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ကြောင်း KNU ထံမှ သိရသည်။

တိုက်ပွဲအတွင်း ခမရ ၂၀၃ က ဗိုလ်မှူးအဆင့်ရှိ စစ်ကြောင်းမှူးအပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါး ပျက်စီးသွားကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒေါန အရှေ့ခြမ်း တိုက်ပွဲမှာ စစ်တပ်ဘက် အထိနာတယ်” ဟု တော်လှန်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

တိုက်ပွဲတွင် သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများနှင့် စစ်အာဏာရှင်တပ်ဖွဲ့ဝင် သုံးဦး၏ ရုပ်အလောင်းများကို ဓာတ်ပုံနှင့်တကွ KNU က ထုတ်ပြန်ထားသည်။