ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံး စစ်ပြဲရွာတွင် စစ်အာဏာရှင်တပ်မီးရှို့မှုကြောင့် အိမ်ရှစ်ဆောင်နှင့် စပါးကျီနှစ်ခု ဆုံးရှုံး

June 4, 2026

လောင်းလုံးမြို့အနီးရှိ စစ်ပြဲကျေးရွာတွင် စစ်အာဏာရှင်တပ် မီးရှို့မှုကြောင့် နေအိမ်ရှစ်ဆောင်နှင့် စပါးကျီနှစ်ခု မီးလောင် ပျက်စီးကြောင်း ဒေသခံများက ပြောသည်။

လောင်းလုံးမြို့မှ စစ်ပြဲကျေးရွာသို့ ဇွန်လ ၃ရက် နံနက်စောစောတွင် စစ်ကြောင်းထိုးလာသော စစ်အာဏာရှင်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းနောက် မွန်းလွဲ ၂နာရီခွဲခန့်မှ ညနေ ၆နာရီဝန်းကျင်အထိ လေးနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်အဏာရှင်တပ်က ကျေးရွာအရှေ့ပိုင်းတွင် မီးရှို့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

“အရှေ့ပိုင်း အောက်လမ်းမမှာ လေးဆောင်နဲ့ မိန်းလမ်းနားက အိမ်တွေ မီးလောင်ပျက်စီးသွားတယ်။ စပါကျီက နှစ်ခု မီးထဲ ပါသွားတယ်” ဟု ၎င်းက ပြောသည်။

စပါးကျီ နှစ်ခုတွင် စပါး တင်း တစ်ထောင်ဝန်းကျင် သိုလှောင်ထားပြီး အားလုံးမီးလောင် ပျက်စီးသွားကြောင်း ဒေသခံများက ဆိုသည်။

ယင်းအပြင် နှစ်ဖက်ပစ်ခတ်မှုအတွင်း လက်နက်ကြီးကျည် ထိမှန်ပြီး စစ်ပြဲတိုက်ကျောင်း ဘုန်းကြီးကျောင်း၏ တန်ဆောင်းများလည်း ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။

မီးလောင်ပျက်စီးခဲ့သည့် နေအိမ်များက အိမ်ထောင်စုဝင်များသည် နီးစပ်ရာ ဆွေမျိုးတော်စပ်သူများနှင့် ဘုန်းကြီးကျောင်း တို့တွင် ခိုလှုံနေထိုင်နေရကြောင်း အိမ်မီးရှို့ ခံရသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ယမန်နေ့ ညကစပြီး စစ်ပြဲကျေးရွာမှ ပြန်လည်ဆုတ်ခွာကာ ယနေ့ ဇွန်လ ၄ ရက် နံနက်ပိုင်းအထိ မည်သည့်နေရာသို့ စစ်ကြောင်း ရောက်ရှိနေသည်ကို မသိရသေးကြောင်း ဒေသခံများက ပြောဆိုသည်။

လောင်းလုံးမြို့တောင်ဘက်ပိုင်းတွင် မေလ ၂၂ရက်ကစပြီး စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ စစ်ရေးတင်းမာ နေပြီး နှစ်ဖက်တိုက်ပွဲများကြောင့် ကျေးရွာ ၁၀ရွာခန့်က ဒေသခံထောင်နှင့်ချီမှာ လယ်ယာ၊ ဥယျာဉ်ခြံ၊ မွေးမြူရေးလုပ်ငန်း များနှင့် ကိုယ်ပိုင်လုပ်ငန်းများကို စွန့်၍ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင် ဒေသခံများက ဆိုသည်။