အီရန် ပိတ်ဆို့ထားသည့် ဟော်မုဇ်ရေလက်ကြားအတွင်း သောင်တင်ပိတ်မိနေသည့် သင်္ဘောများကို ဘေးအန္တရာယ်ကင်းစွာ လမ်းပြခေါ်ဆောင်မည့် လုပ်ငန်းစဉ်တစ်ရပ်ကို မေလ ၄ ရက်တွင် စတင်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောသည်။
ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောနှစ်စီး တိုက်ခိုက်ခံရကြောင်း သတင်းထွက်ပေါ်လာချိန် သမ္မတထရမ့်၏ အဆိုပါ ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
‘လွတ်လပ်မှုစီမံချက်’ (Project Freedom) ဟု အမည်ပေးထားသည့် အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သမ္မတထရမ့်က ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
ယင်းအစီအစဉ်မှာ အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု အီရန်ဘက်က ပြစ်တင်ရှုတ်ချထားသည်။
အီရန်စစ်ပွဲကြောင့် ကြားနေနိုင်ငံများနှင့် အပြစ်မဲ့နိုင်ငံများ ထိခိုက်နစ်နာနေရကြောင်း သမ္မတထရမ့်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် တနင်္ဂနွေနေ့က ရေးသားခဲ့သည်။
ယင်းနိုင်ငံများ၏ လုပ်ငန်းဆောင်တာများ လွတ်လပ်ချောမွေ့စွာ ဆက်လက်လုပ်ဆောင်နိုင်ရန် ဟော်မုဇ်ရေလက်ကြား အတွင်း သင်္ဘောများကို ဘေးကင်းစွာ လမ်းပြခေါ်ဆောင်ပေးမည်ဟု သက်ဆိုင်ရာနိုင်ငံများကို အသိပေးထားကြောင်း ၎င်းက ဆိုသည်။
အမေရိကန်ကိုယ်စားလှယ်များသည် အီရန်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေရာ အားလုံးအတွက် အပြုသဘောဆောင်သည့် ရလဒ်များ ထွက်ပေါ်လာနိုင်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။
ယခုလုပ်ငန်းစဉ်တွင် ပဲ့ထိန်းဒုံးတပ်ဆင်ထားသည့် စစ်သင်္ဘောများ၊ လေယာဉ်အစီးရေ ၁၀၀ ကျော်နှင့် စစ်သည်အင်အား ၁၅,၀၀၀ ပါဝင်မည် ဖြစ်ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်က ဆိုသည်။
သို့ရာတွင် အဆိုပါ တပ်ဖွဲ့များကို မည်သို့တပ်ဖြန့်ချထားမည်ဆိုသည်နှင့် ပတ်သက်၍ မေးခွန်းများကိုမူ အမေရိကန်ဗဟိုစစ်ဌာနချုပ်က ချက်ချင်းဖြေကြားခြင်း မရှိသေးပေ။
Source: Associated Press
ဓာတ်ပုံ – Trump says US to help ships stranded in Strait of Hormuz as tanker hit by projectiles | Reuters







