ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ် ဖမ်းထားသည့် သထုံဒေသခံများ ပြန်မလွတ်သေး

July 3, 2026

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာကို စစ်အာဏာရှင်တပ် သေနတ်ပစ်ခတ်ဝင်ရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ဒေသခံများ ပြန်မလွတ်သေးကြောင်း နီးစပ်သူများက ပြောသည်။

စစ်အာဏာရှင်တပ် အင်အား တစ်ရာခန့်သည် ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်က ဝင်းစိန်ကျေးရွာထဲ ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲကာ အမျိုးသမီးနှစ်ဦး အပါအဝင် ဒေသခံ ကိုးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။

ဖမ်းဆီးခံရသူများသည် အသက် ၂၅ နှင့် ၄၀ နှစ်ဝန်းကျင်ကြား ရှိသူများဖြစ်ပြီး သထုံရှိ အမှတ် (၉) လေ့ကျင့်ရေးကျောင်း တွင် စစ်ကြောရေးလုပ်ဆောင်နေသည်ဟု သိရကြောင်း ဖမ်းဆီခံရသူများနှင့် နီးစပ်သူများက ပြောဆိုသည်။

“သူတို့ကို အမှတ် (၉) လေ့ကျင့်ရေးကျောင်းမှာ စစ်ဆေးနေတယ် ဆိုတာလောက်ပဲ သိထားရတယ်။ အဆက်အသွယ်လည်း မရတော့ ဘာဖြစ်နေလဲဆိုတာ ဘာမှ မသိရဘူး။ အကုန်လုံးက စိုးရိမ်နေကြတာပေါ့” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများသည် ယနေ့ ဇူလိုင်လ ၃ ရက်အထိ ပြန်လွတ်လာခြင်းမရှိသေးသလို အဆက်အသွယ်လည်း မရသဖြင့် အသက်အန္တရာယ် စိုးရိမ်နေရကြောင်း နီးစပ်သူများက ဆိုသည်။

စစ်အာဏာရှင်တပ်သည် ဝင်းစိန်ကျေးရွာထဲသို့ သေနတ်ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့သလို နေအိမ်များရှိ ရွှေ၊ ငွေ၊ ဆိုင်ကယ်များကိုလည်း ဝင်ရောက်ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တပ်က ဝင်းစိန်ကျေးရွာ ဝင်ရောင်စီးနင်းပြီး ဒေသခံများကို ဖမ်းဆီးသွားသည့်ဖြစ်စဉ်သည် ပြီးခဲ့သည့် မေလအတွင်းက ပေါင်မြို့နယ်၊ သဗြူချောင်ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးချစ်ကို တော်လှန်ရေးတပ်ဖွဲ့များ ဖမ်းဆီးခေါ်ဆောင် သွားသည့်ဖြစ်စဉ်နှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

သဗြူချောင်နှင့် ဝင်းစိန်ကျေးရွာတို့မှာ အနီးဝန်းကျင် ကျေးရွာများဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

စစ်ကော်မရှင်တပ်သည် သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ပေါင်မြို့နယ်တို့တွင် အရပ်သားပြည်သူများကို စွပ်စွဲချက်အမျိုးမျိုးဖြင့် မကြာခဏ ဖမ်းဆီးလေ့ရှိသည်။ အများစုကို ပုဒ်မ အမျိုးမျိုးတပ်ကာ အမှုဖွင့်အရေးယူပြီး အချို့ ကိုမူ နှစ်ရှည်ထောင်ဒဏ် ချမှတ်လေ့ရှိသည်။