ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်ရေးတင်းမာနေချိန် မွန်ပြည်သစ်ပါတီ စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေး

July 3, 2026

ဓာတ်ပုံ – MOI

မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေထဲ စစ်ရေးတင်းမာနေချိန်တွင် ပါတီ ဒုခေါင်းဆောင်နှင့်အဖွဲ့သည် စစ်အစိုးရနှင့် နေပြည်တော်တွင် သွားရောက် တွေ့ဆုံဆွေးနွေးသည်။

မွန်ပြည်သစ်ပါတီ (NMSP) သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ယမန်နေ့ ဇူလိုင်လ ၂ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

မေ၊ ဇွန်လအတွင်း၌ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ဆုံးအကြိမ်တွင် NMSP တပ်ဖွဲ့နှင့် မိသားဝင်များ၊ စစ်ဘေးရှောင်များ နေထိုင်နေသည့်နေရာကို တိုက်ခိုက်ခဲ့သည်။

ယင်းအပြင် ရေးမြို့နယ်မြောက်ပိုင်းရှိ NMSP ကင်းစခန်းတစ်ခုကိုလည်း စစ်အာဏာရှင်တပ်က ဝင်ရောက်သိမ်းပိုက်ပြီး တပ်ဖွဲ့ဝင်များကိုလည်း ဖမ်းဆီးခေါ်ဆောင်ခဲ့သေးသည်။

ထိုသို့ စစ်ရေးတင်းမာနေချိန်တွင် NMSP က နေပြည်တော်သို့ သွားရောက်ကာ တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း မွန်ဒေသ စစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။

ယင်းသို့ တွေ့ဆုံဆွေးနွေးခြင်းသည် ဒေသတွင်း စစ်ရေးပဋိပက္ခများ လျော့ပါးရေးနှင့် အခြေအနေများ ပြေလည်စေရေးအတွက် အကျိုးသက်ရောက်မှု ရှိ၊ မရှိကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မွန်ပြည်သစ်ပါတီက စစ်တပ်နဲ့ မကြာခဏဆိုသလို တွေ့ဆုံနေတာတော့ရှိတယ်။ ဒါပေမဲ့ ဒီတခေါက်က မွန်ပြည်သစ်ပါတီက သူတို့ ထိန်းချုပ်နယ်မြေထဲမှာ စစ်တပ်က စစ်ရေးလှုပ်ရှားတာတွေ လုပ်လာနေတဲ့အပေါ် ဘယ်လို ဆွေးနွေးခဲ့မလဲ မသိရပေမယ့် ဒီကိစ္စလည်း ပါလာမယ် ထင်တယ်။ သူတို့ ထိန်းချုပ်နယ်မြေကို သူတို့ ဘယ်လောက်ထိ ကာကွယ်နိုင်မလဲဆိုတာ ဒီတစ်ခေါက် တွေ့ဆုံဆွေးနွေးမှုက အရေးပါပါတယ်” ဟု ၎င်းက ပြောဆိုသည်။

NSPNC နှင့် တွေ့ဆုံပွဲတွင် NMSP ဒုတိယ ဥက္ကဋ္ဌ နိုင်အောင်မင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်ငေး၊ နိုင်ဗညာချမ်းနွန်၊ ဗဟိုကော်မတီဝင် နိုင်အမ်စိုက်ချမ်း၊ နိုင်ကွန်းစိုက်နှင့် ရုံးအဖွဲ့မှူး နိုင်ဇော်မင်းဦးတို့ ပါဝင်ပြီး စစ်အုပ်စုဘက်က NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ ပါဝင်ကြောင်း စစ်အစိုးရက သတင်းထုတ်ပြန်ထားသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် NMSP က ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ တင်ပြဆွေးနွေးခဲ့သည်ဟု ဖော်ပြသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် စစ်အစိုးရနှင့် သွားရောက် တွေ့ဆုံဆွေးနွေးခဲ့သည့်အပေါ် တရားဝင် ထုတ်ပြန်လာခြင်း မရှိသေးသလို တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် ဆက်သွယ်မေးမြန်းမှုကိုလည်း လက်ခံဖြေကြားခြင်းမရှိသေးပေ။

မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်ပြီး စစ်အုပ်စုက ဖိတ်ခေါ်သည့် တွေ့ဆုံဆွေးနွေးပွဲများကို မကြာခဏ တက်ရောက်လေ့ရှိသည်။

စစ်အာဏာရှင်တပ်နှင့် တွေ့ဆုံဆွေးနွေးမှုကို လက်မခံသည့် မွန်ပြည်သစ်ပါတီ (NMSP) ထိပ်ပိုင်းခေါင်းဆောင်အချို့ကမူ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ပါတီက ခွဲထွက်ပြီး မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) NMSP-AD အမည်ဖြင့် စစ်အာဏာရှင်တပ်ကို ဆန့်ကျင်တော်လှန်လျက်ရှိသည်။