လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာတွင် ယနေ့ ဇွန်လ ၃ရက် မွန်းလွဲပိုင်းတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲထပ်မံဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ယနေ့ နံနက်စောစောတွင် စစ်ပြဲကျေးရွာသို့ ထပ်မံရောက်ရှိလာပြီး မွန်းလွဲ ၂နာရီခွဲခန့် တွင် တော်လှန်ရေးတပ်တို့နှင့် နှစ်ဖက်တိုက်ပွဲဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“ဒရုန်းဗုံးချသံတွေရော၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ရော တရစပ် ပစ်နေတယ်” ဟု ၎င်းက ပြောဆိုသည်။
စစ်အာဏာရှင်တပ်စစ်ကြောင်းသည် လောင်းလုံးမြို့၏ တောင်ဘက်သို့ မေလ ၂၂ရက်တွင် စတင်စစ်ကြောင်းထိုးခဲ့ပြီး ယင်းနေ့ကလည်း စစ်ပြဲကျေးရွာတွင် တိုက်ပွဲဖြစ်ခဲ့သေးသည်။
မေလ ၂၂ရက်မှ ဇွန်လ ၂ ရက်အထိ ယင်းစစ်ကြောင်းသည် စစ်ပြဲ၊ ညင်းမော်၊ ဂေါ့အင်း၊ ရေဖြူ၊ ကဒက်ငယ်၊ ကဒက်ကြီး စသည့် ကျေးရွာများကို ၁၂ ရက်ကြာ တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးခဲ့သည်။
ထို့ကြောင့် ကျေးရွာအုပ်စုငါးအုပ်စုက ဒေသခံထောင်နှင့်ချီမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
ဇွန်လ ၂ရက်တွင် လောင်းလုံးမြို့သို့ ပြန်လည်ဝင်ရောက်ကာ မြို့ပေါ်တွင် တစ်ညအိပ်ခဲ့ပြီး ယနေ့ ဇွန်လ ၃ရက်တွင် တဖန် စစ်ကြောင်းပြန်ထိုးသည်။
ယနေ့ စစ်ကြောင်းထပ်ထိုးသဖြင့် ဒေသခံများ ဘေးလွတ်ရာသို့ ပြန်လည်ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း စစ်ပြဲကျေးရွာရှိ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“ကျွန်မတို့ ကိုယ်အိမ်ကို ဘယ်တော့ ပြန်ကပ် (နေ) လို့ ရမယ်မှန်းတောင် မသိတော့ဘူး” ဟု ၎င်းက ပြောသည်။
လောင်းလုံးမြို့၏ မြောက်ဘက်ပိုင်းကျေးရွာများကိုလည်း စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးနေ၍ ခမောင်းတောင်၊ ထိန်တွင်း၊ စခန်းကြီးကျေးရွာအုပ်စုတို့က ဒေသခံများလည်း ဇွန်လ ၁ ရက်ကစပြီး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။







