တနင်္သာရီမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာတွင် အခြေစိုက်ထားသည့် စစ်အာဏာရှင်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် မဟာမိတ်များက မေလ ၂၉ ရက်က သိမ်းယူပြီးနောက် တိုက်ပွဲများဆက်လက်ပြင်းထန်နေသည်ဟု ကရင်အမျိုးသားအစည်းအရုံးနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
တော်လှန်ရေးမဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် ကျောက်လုံးကြီးစခန်းတွင် တပ်စွဲနေသည့် စစ်အာဏာရှင်တပ်သား ရှစ်ဆယ်ခန့် ထွက်ပြေးသွားပြီးနောက် ရက်ပိုင်းအကြာတွင် စစ်အာဏာရှင်တပ်ဘက်က နေရာပြန်ယူရန် ကျောက်လုံးကြီးကျေးရွာဘက်သို့ အင်အားထပ်ဖြည့်လာကြောင်း ၎င်းတို့ကဆိုသည်။
ကျောက်လုံးကြီးစခန်းသိမ်းပြီး နောက်တစ်ရက်တွင် စစ်အာဏာရှင်တပ်သားများက ကား ၈ စီးဖြင့် အင်အားပြန်ဖြည့်တင်း၍ ကျောက်လုံးကြီးရွာဘက်သို့ စစ်ကြောင်းပြန်ထိုးလာခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“အင်အားကတော့ အတိအကျပြောမတတ်ဘူး။ ကား ၈ စီးပဲ အင်အားလာဖြည့်တယ်။ ရှေ့တန်းက ရဲဘော်တွေနဲ့လည်း အချိတ်အဆက်မရသေးလို့ ပြန်မေးလို့မရဖြစ်နေတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်ကပြောသည်။
စစ်အာဏာရှင်တပ်ဘက်က အင်အားပြန်ဖြည့်လာသဖြင့် ကျောက်လုံးကြီးရွာဝန်းကျင်တွင် နှစ်ဖက်တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။
ထို့အပြင် တိုက်ပွဲဖြစ်နေစဉ် စစ်အာဏာရှင်တပ်ဘက်က လေကြောင်းအသုံးပြုကာ တိုက်ခိုက်မှုရှိကြောင်း တော်လှန်ရေးအင်အားစုက ပြောဆိုသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားကို မေးမြန်းရာ ကျောက်လုံးကြီးရွာဝန်းကျင်တွင် တိုက်ပွဲများဆက်ဖြစ်နေကြောင်း အတည်ပြုသည်။
“တိုက်ပွဲက အဆုံးမသတ်သေးဘူး။ အသေးစိတ်မသိသေးပါ” ဟု ပဒိုစောအယ်နားက ဖြေကြားသည်။
ကျောက်လုံးကြီးစခန်းကို မေလ ၁၉ ရက်မှ ၂၉ ရက်အထိ ဆယ်ရက်ကြာ တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းယူနေစဉ်အတွင်း စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို လက်ရှိတွင်လည်း ထွက်ပြေးနေကြရသည်။
ကျောက်လုံးကြီးစခန်းသည် တနင်္သာရီမြစ်နံဘေးတွင် တည်ရှိသဖြင့် စစ်ရေးအရ ရေကြောင်းဗျူဟာ ကာကင်းစခန်းတစ်ခုအဖြစ် အရေးပါကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။







