ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကြေးနန်းတိုင်ဂိတ်တွင် ဖမ်းဆီးခံရသည့် တကူဒေသခံဇနီးမောင်နှံ လေးရက်မြောက်အထိပြန်မလွတ်

June 3, 2026

ပုံစာ - ကြေးနန်းတိုင်တံတားစစ်ဆေးရေးဂိတ်အားတွေ့ရစဉ်(ပုံဟောင်း)

မြိတ်မြို့နယ်၊ ကြေးနန်းတိုင်တံတား စစ်ဆေးရေးဂိတ်တွင် တကူကျေးရွာအုပ်စုက ဒေသခံဇနီးမောင်နှံ ဖမ်းဆီးခံရပြီး လေးရက်မြောက်နေ့အထိ ပြန်လည်မလွတ်မြောက်သေးကြောင်း ဒေသခံများက ပြောသည်။

မြိတ်မြို့တွင် ‌ရော်ဘာရောင်းပြီး မေလ ၃၁ ရက်က တကူရွာသို့ ကားဖြင့် ပြန်လာစဉ် အဆိုပါစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးပြီး မြိတ်မြို့မရဲစခန်းသို့ ပို့လိုက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ ဇနီးမောင်နှံသည် အသက် ၅၀ ဝန်းကျင်အရွယ်ဖြစ်ပြီး တကူကျေးရွာအုပ်စု၊ ဝမ်းနာရွာတွင် နေထိုင်သူများကြောင်း ၎င်းက ပြောဆိုသည်။

ကားတွင် စားနပ်ရိက္ခာများတင်ဆောင်လာပြီး ရော်ဘာရောင်းထားသည့် ငွေသိန်းရာဂဏန်းနှင့် ရွှေလည်း ပါကြောင်း အထက်ပါဒေသခံက ဆိုသည်။

“ပျောက်နေလို့ လိုက်စုံစမ်းတာ နှစ်ရက်‌လောက်ကြာမှ ရဲစခန်းကို ရောက်နေတာ သိရတယ်။ ကားရော၊ လူ‌ရော၊ ပစ္စည်းတွေရော အကုန်ဖမ်းထားတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မြိတ်မြို့မရဲစခန်းသို့ မိသားစုဝင်နှင့် မိတ်ဆွေများ သွား‌ရောက်၍ တွေ့ခွင့်တောင်းရာ တွေ့ခွင့်မပေးကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“ဒီနေ့ထိ (ဇွန်လ ၃ရက် မနက် ၈နာရီ) လည်း မလွတ်ပေးသေးဘူး။ တွေ့ခွင့်လည်း မပေးဘူး။ ဘာကြောင့်ဖမ်းလိုက်လည်း မပြောဘူး။ (ရော်ဘာ) ကော်ပတ်က သွားရောင်းနေကျပဲ” ဟု အထက်ပါ နီးစပ်သူက ပြောသည်။

ကြေးနန်းတိုင်တံတား စစ်ဆေးရေးဂိတ်သည် မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ်တွင် တည်ရှိသည်။

စစ်အာဏာရှင်တပ်သည် မြိတ်မြို့မှ တကူရွာသို့ ကုန်ပစ္စည်းတင်ခွင့်ပိတ်ထားသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။