ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပလမြို့ကို ဆန်သယ်ယူခွင့်ပိတ်ထား၍ ဒေသတွင်းဆန်ကိုသာ အားထားနေရ

July 2, 2026

ပုလောမြို့နယ်၊ ပလမြို့တွင် စစ်အာဏာရှင်တပ်က ဆန်အပါအဝင်၊စားနပ်ရိက္ခာသယ်ယူခွင့် တားမြစ်ထား၍ ဒေသတွင်းဆန်များကိုသာ အားကိုးစားသောက်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် စစ်အာဏာရှင်တပ်က ပလမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ထားခြင်းဖြစ်သည်။

ကားလမ်းများကို ရံဖန်ရံခါ ပိတ်ပင်ထားလေ့ရှိပြီး ပြီးခဲ့သည့်ဇွန်လမှစကာ ကားလမ်းကို နံနက် ၇ နာရီမှ နေ့လယ် ၁ နာရီခန့်အထိ ဖွင့်ပေးသော်လည်း ဆန်ကားများဖြတ်သန်းခွင့် မရရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဆန်ကလွဲရင် ကျန်တာအကုန် ဝယ်လို့ရတယ်။ မတင်ခိုင်းတော့ ဘယ်ကားမှလည်း မတင်ဘူး။ ဆန်ကားတွေလည်း မလာကြဘူး။ စပါးကြိတ်စက်တွေမှာ သွားဝယ်ရပြီး ဈေးတော့ တက်လာတယ်။ လယ်လုပ်သမားတွေတော့ ရှိတယ်လေ” ဟု အထက်ပါဒေသခံက ပြောသည်။

ဘိုင်းပြင်၊ ဇရပ်ဆိပ်၊ မင်းပြင်၊ တပို၊ စက်တော်ရာ၊ ကြဲနှင့် ကျောက်ကမ်းဖဲရွာတို့တွင် ဒေသထွက် စပါးကြိတ်ဆန်ကိုသာ ဝယ်ယူစားသောက်နေရကြောင်း သိရသည်။

ဒေသဆန် ဈေးနှုန်းမှာ တဖြည်းဖြည်း တက်လာနေပြီး မေလတွင် ၁၀ ပြည်ဝင် တစ်အိတ်လျှင် ၃၂,၀၀၀ ကျပ် ရှိခဲ့ရာမှ ဇွန်လတွင် ၄၀,၀၀၀ ကျပ်အထိ ဈေးမြင့်တက်သွားကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။

“စက်ရုံဆန်တွေက ဝယ်လို့မရတော့ဘူး။ စပါးကြိတ်ဆန်ပဲ စားနေရတယ်။ စပါးကြိတ်ဆန်လည်း နည်းနည်းချင်းနဲ့ ဈေးတက်လာတယ်။ ဈေးတက်လည်း အဲဒီဆန်ပဲ ရှိတော့ အဲဒီဆန်ကိုပဲ စားနေရတယ်” ဟု ၎င်းက ပြောသည်။

စစ်အာဏာရှင်တပ်က ပလမြို့တွင် တပ်စွဲထားပြီး တော်လှန်ရေးထိန်းချုပ်နယ်မြေများရှိ ရွာများကို စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ထားသည်မှာ နှစ်ချီရှိပြီဖြစ်သည်။