ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ်က မော်တုန်းရွာကို စစ်ကြောင်းထိုး

July 2, 2026

တနင်္သာရီမြို့နယ်၊ မော်တုန်းကျေးရွာအုပ်စု၊ မော်တုန်းရွာ (အနောက်ကမ်း) ကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မော်တုန်းရွာ (အရှေ့ကမ်း) အခြေစိုက် စစ်အာဏာရှင်တပ် အမှတ် (၃၀၆) အမြောက်တပ်နှင့် အောက်ကင်းရွာအခြေစိုက် (၅၅၇) ခြေလျင်တပ်ရင်းတို့ ပူးပေါင်း၍ စစ်အာဏာရှင်တပ်သား ၃၀ ခန့်က မော်တုန်းရွာ ကူးတို့ဆိပ်သို့ စစ်ကြောင်းထိုးပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

စစ်အာဏာရှင်တပ်က ၈၁ မမ နှစ်လုံး၊ ၄၀ မမ တစ်လုံးဖြင့် မော်တုန်းရွာ အနောက်ကမ်းမှတစ်ဆင့် မော်တုန်းရွာ အရှေ့ကမ်းသို့ ပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“အပြန်အလှန်ပစ်ခတ်မှုတော့ မဖြစ်ဘူး။ သူတို့တစ်ဖက်တည်း လာပစ်နေတာ။ ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘူး” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။

စစ်အာဏာရှင်တပ်၏ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုများကြောင့် မော်တုန်းရွာ (အနောက်ကမ်း) ရှိ ဒေသခံအချို့မှာ ရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး အချို့မှာမူ ရွာအတွင်း၌ပင် ဆက်လက်နေထိုင်နေကြကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“စစ်တပ်ဘက်က ဟိုဘက်ကမ်းနားလမ်းတစ်လျှောက် နေရာအကုန်ယူထားတယ်။ အင်အားထပ်တိုးလာတာတွေလည်း ရှိတယ်။ မိုးကလည်း တအားရွာတော့ ဒရုန်းတက်တာတွေ (လောလောဆယ်) ငြိမ်သွားတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

စစ်အာဏာရှင်တပ်က ယနေ့ နံနက် ၁၁ နာရီခန့်တွင် မော်တုန်းအရှေ့ကမ်းရွာရှိ စစ်ကြောင်းကို ကားနှစ်စီးဖြင့် အင်အားထပ်မံဖြည့်တင်းထားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောဆိုသည်။

မောတုန်းရွာ အရှေ့ကမ်းကို စစ်အာဏာရှင်တပ်က ထိန်းချုပ်ထားပြီး မော်တုန်းရွာ အနောက်ကမ်းကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားခြင်းဖြစ်သည်။