မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဆိုင်ကယ်တက္ကစီ သမားတစ်ဦးကို သတ်ဖြတ်ပြီး ဆိုင်ကယ်လုယူသွားကြောင်း မြို့ခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။
ယနေ့ ဇူလိုင်လ ၂ ရက်နေ့ နံနက်က မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ တောင်ရိုးတန်း View Point အောက်ဘက် ခြုံအတွင်း ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် ဆိုင်ကယ်တက္ကစီ သမား ဦးအောင်ဟိန်းဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရသည်။
မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်နေ အသက် ၄၅ နှစ်အရွယ် ဆိုင်ကယ်တက္ကစီ သမား ဦးအောင်ဟိန်းဦးသည် လည်ပင်းထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဦးအောင်ဟိန်းသည် ဇူလိုင်လ ၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်က ဆိုင်ကယ်တက္ကစီ မောင်းရန် နေအိမ်မှ ထွက်သွားရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိပေ။
မိသားစုဝင်များက ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ရာတွင် ယနေ့ နံနက် ၆ နာရီခန့်၌ ဖုန်းကိုတွေ့ရှိသည့် အမျိုးသားတစ်ဦးက ကောက်ကိုင်လိုက်သဖြင့် ဖုန်းတွေ့ရှိသည့်နေရာအနီးနား ခြုံထဲ လိုက်လံရှာဖွေကြည့်ရာမှ ဦးအောင်ဟိန်းဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဦးအောင်ဟိန်း၏ ရုပ်အလောင်းတွင် လည်ပင်းထိုးသွင်းဒဏ်ရာ ၃ ချက် တွေ့ရှိရသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။
ဦးအောင်ဟိန်း သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း ၎င်း၏ဆိုင်ကယ် ပျောက်ဆုံးနေသည့်အတွက် ဆိုင်ကယ်လုယက်ပြီး သတ်ဖြတ်ခံရခြင်းဖြစ်နိုင်သည်ဟု မြို့ခံတို့က သုံးသပ်သည်။
“မော်လမြိုင်မှာ ဆိုင်ကယ်ခိုးခံရတဲ့ ဖြစ်စဉ်တွေကတော့ နေ့တိုင်းလိုလို ဖြစ်နေတယ်။ ဆိုင်ကယ်လုတဲ့ ဖြစ်စဉ်တွေလည်း ကြားနေရတယ်။ အခုက လုပြီးတော့ လူကိုပါ သတ်ဖြတ်သွားတော့ အခြေအနေက တော်တော်ကို ဆိုးနေပြီ” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။
ဦးအောင်ဟိန်းဦး၏ ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့၏ အကူအညီဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
ဦးအောင်ဟိန်းဦး သတ်ဖြတ်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး မော်လမြိုင်မြို့၊ စစ်ကဲကုန်းနယ်မြေရဲစခန်းတွင် အမှုကြီးအမှတ်စဉ် (၁/၂၀၂၆)၊ (ပ) ၇၇/၂၀၂၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။
မော်လမြိုင်မြို့ပေါ်တွင် လူသတ်ပြီး ဆိုင်ကယ်လုယက်သည့် ဖြစ်စဉ် မကြာခဏ ဖြစ်ပွားနေပြီး အထူးသဖြင့် ဆိုင်ကယ်တက္ကစီ သမားများ ပစ်မှတ်ထားခံနေရသည်ဟု မြို့ခံတို့က ပြောသည်။







