သရက်ချောင်းမြို့နယ်၊ သင်းကျွန်းကျေးရွာတွင် စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မိသားစုဝင်သုံးဦး သေဆုံးကြောင်း ဒေသခံများက ပြောသည်။
သရက်နှစ်ခွနှင့် ပန်းပြင်ကျေးရွာကြားရှိသည့် စစ်အာဏာရှင် စစ်ဆေးရေးဂိတ်က ဇွန်လ ၁ ရက် ညနေ ၄ နာရီခန့်တွင် သင်းကျွန်းကျေးရွာဘက်သို့ ထိတွေ့ တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ၎င်းတို့က ဆိုသည်။
လက်နက်ကြီးနှစ်လုံးသည် စစ်ဆေးရေးဂိတ်၏ အနောက်မြောက်ဘက် သုံးကီလိုမီတာကျော် အကွာရှိ သင်းကျွန်း ကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုင်းသီးနှံစိုက်နေသည့် မိသားစုဝင် သုံးဦး ကျည်စထိမှန် သေဆုံးကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
ကျည်စထိမှန်ပြီး ဦးမီးလောင်နှင့် ဇနီးဒေါ်မူ၊ ဦးမီးလောင်၏ အစ်မဖြစ်သူတို့ ဒေါ်ရွှေငါးတို့ သေဆုံးကြောင်း ၎င်းက ဆိုသည်။
“သူတို့က ဆေးခြံ (ကိုင်းသီးနှံ) စိုက်စားနေတယ်။ သားထောက်သမီးခံလည်း မရှိကြဘူး၊ လင်မယား နှစ်ယောက်နဲ့ ယောက်ျား ဖြစ်သူရဲ့ အစ်မ သေဆုံးသွားတာ” ဟု အထက်ပါအမျိုးသမီးက ပြောသည်။
ရုပ်အလောင်းများကို ထားဝယ်ဆေးရုံကြီးမှတစ်ဆင့် ပြန်လည်သယ်ဆေင်လာပြီး ယနေ့ မွန်းလွဲပိုင်းတွင် သင်းကျွန်းသုသာန်၌ သင်္ဂြိုဟ်ရန်စီစဉ်နေကြောင်း ဒေသခံများက ပြောဆိုသည်။
ပြီးခဲ့သည့် မေလ နှောင်းပိုင်းကလည်း အဆိုပါ စစ်အာဏာရှင်တပ်က သင်းကျွန်းကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် နှစ်ကြိမ် ပစ်ခတ်ခဲ့ရာ တစ်လုံးမှာ ကျေးရွာအတွင်းကျရောက်ပေါက်ကွဲ ခဲ့ပြီး နေအိမ်တစ်ဆောင် ထိမှန်ပျက်စီးခဲ့သေးသည်။







