လောင်းလုံးမြို့ပေါ် တိုက်ပွဲတွင် ကလေးတစ်ဦးအပါအဝင် အရပ်သား နှစ်ဦး ဒဏ်ရာရပြီး နေအိမ်သုံးဆောင်ပျက်စီးကြောင်း မြို့ခံများက ပြောသည်။
လောင်းလုံးမြို့ပေါ်ရှိ စစ်အာဏာရှင်တပ်စခန်းများကို ဇွန်လ ၁ ရက် နံနက်ပိုင်းတွင် တော်လှန်ရေးတပ်တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
ထိုပစ်ခတ်မှုအတွင်း လောင်းလုံးမြို့ (က) ရပ်ကွက်ရှိ လူနေအိမ်နှစ်ဆောင်နှင့် (ခ) ရပ်ကွက်ရှိ နေအိမ်တစ်ဆောင်တို့ လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ထို့အပြင် နှစ်ဖက်ပစ်ခတ်မှုအတွင်း အသက် ၁၄ နှစ်ခန့်အရွယ် ကလေးတစ်ဦးနှင့် အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးတို့ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“ထိန်သစ်က ကလေးတစ်ဦးနဲ့ မြို့မ စျေးလမ်းကြားက အမျိုးသားတစ်ဦး ထိသွားတယ်။ စျေးလမ်းကြားမှာ ထိတဲ့ အမျိုးသားကတော့ ဆေးရုံမှာ ကျည်စ ထုတ်နေရတယ်လို့ ကြားရတယ်” ဟု ၎င်းက ပြောဆိုသည်။
လောင်းလုံးမြို့နယ်ရှိ ဒေသအချို့ တွင် မေလ ၂၀ရက်ကစပြီး စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်တို့ စစ်ရေးတင်းမာနေသည်မှာ တစ်ပတ်ကျော် ကြာလာပြီဖြစ်သည်။
အင်အား ၁၅၀ ထက်မနည်းရှိသည့် ထိုစစ်ကြောင်းသည် လောင်းလုံးမြို့ပေါ်တိုက်ပွဲဖြစ်သည့် ဇွန်လ ၁ရက် နံနက် အစောပိုင်း တွင် ၎င်းတို့တပ်စွဲထားသည့် ကဒက်ကြီးကျေးရွာမှ ပြန်ဆုတ်လာပြီး ယနေ့ ဇွန်လ ၂ရက် နေ့လယ်ပိုင်းတွင် လောင်းလုံး မြို့ပေါ်သို့ ပြန်လည်ရောက်ရှိကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“ပြန်တက်လာတဲ့အချိန်မှာတော့ ရွာတွေ မဝင်ဘူး။ မနေ့ ညနေကတော့ ကြယ်တောင်နားမှာ တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသွားချသေးတယ်”ဟု အထက်ပါ အမျိုးသားက ပြောသည်။
ကြယ်တောင်သည် ညင်းမော်နှင့် ဂေါ့အင်းကျေးရွာကြားတွင် ရှိပြီး လောင်းလုံးမြို့နှင့် သုံးမိုင်ခန့် ကွာဝေးသည်။
စစ်ကြောင်းက ကလေးငယ်လေးဦးအပါအဝင် ဒေသခံအချို့ကိုလည်း ဖမ်းဆီးပြီး လောင်းလုံးမြို့သို့ ပြန်ဆုတ်လာခြင်းဖြစ်ကြေင်း ဒေသခံအချို့က ပြောဆိုသည်။
ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံအချို့ကို ယနေ့ ပြန်လည်လွတ်မြောက်လာသည်ကို တွေ့ရကြောင်း လွတ်မြောက်လာသူ အချို့ကို ကိုယ်တိုင် မြင်တွေ့ရသူ အချို့က ပြောသည်။
သို့သော် မည်မျှပြန်လွတ်လာပြီး ဖမ်းဆီးခံထားရသူ ကျန်ရှိ မရှိ စသည့်အသေးစိတ် အခြေအနေနှင့်ပတ်သတ်ပြီး ဆက်လက် စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။







