ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်တွင် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးမှု မြင့်တက်

July 1, 2026

မွန်ပြည်နယ်တွင် ၂၀၂၆ ခုနှစ်အတွင်း ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ ခြောက်လတာကာလအတွင်း ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ ကိုးဦးအထိရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် တစ်နှစ်ပတ်လုံးတွင် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ နှစ်ဦးသာရှိသဖြင့် ပြီးခဲ့သည့်နှစ်ထက် လေးဆကျော် မြင့်တက်နေခြင်းဖြစ်သည်။

ပြည်သူများအနေဖြင့် ခွေးရူးပြန်ရောဂါကို မပေါ့ဆသင့်ဘဲ ခွေး၊ ကြောင် အကိုက်ခံရလျှင် မဖြစ်မနေ ခွေးရူးပြန် ကာကွယ်ဆေး ထိုးနှံကြရန် ကျန်းမာရေးဝန်ထမ်းတို့က တိုက်တွန်းသည်။

“ခွေး ဒါမှမဟုတ် ကြောင် အကိုက်ခံရတာ အကုတ်ခံရရင် မပေါ့ဆကြဖို့ ပြောချင်ပါတယ်။ နောက်ပြီး ကိုက်သွားတဲ့ ခွေး၊ ကြောင်က ကာကွယ်ဆေးထိုးထားတာပဲဆိုပြီး ပေါ့ပေါ့တန်တန် မနေသင့်ဘူး။ ခွေးက ကာကွယ်ဆေး ထိုးထားသည့်ဖြစ်စေ၊ မထိုးထားသည်ဖြစ်စေ၊ အကိုက်ခံရတဲ့လူက ခွေးရူးပြန်ကာကွယ်ဆေး ထိုးကို ထိုးရမယ်” ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ယခုနှစ်အတွင်း ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ ကိုးဦးတွင် မော်လမြိုင်မြို့နယ်က သုံးဦး၊ ရေးမြို့နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အတွင်း နှစ်ဦးစီ ပါဝင်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

မွန်ပြည်နယ်အတွင်း ခွေးရူးပြန်ကာကွယ်ဆေးကို မော်လမြိုင်ဆေးရုံကြီးအပါအဝင် မြို့နယ်၊ တိုက်နယ်ဆေးရုံတို့တွင် အခမဲ့ထိုးပေးနေသော်လည်း ဆေးရုံကြီးများတွင် ခွေးရူးပြန်ကာကွယ်ဆေး ပြတ်လပ်ချိန်နှင့် ကြုံလျှင် အပြင်ဆေးခန်းတွင် ဆေးကြီးပေးပြီး ထိုးနေရကြောင်း ကိုယ်တိုင်ကြုံရသည့် ဒေသခံများထံမှ သိရသည်။

အပြင်ဆေးခန်းများတွင် ခွေးရူးကာကွယ်ဆေး ထိုးရန် ငွေကျပ် သိန်းချီကုန်ကျရာ ငွေကြေးမတတ်နိုင်သူအချို့မှာ ခွေးကိုက်ခံရလျှင် ခွေးရူးကာကွယ်ဆေး မထိုးပဲ နေကြကြောင်း ဒေသခံများက ဆိုသည်။