ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံးမြို့ပေါ်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ နှစ်နာရီကြာ ပစ်ခတ်မှုဖြစ်

June 1, 2026

လောင်းလုံးမြို့ပေါ်တွင် ယနေ့ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ နှစ်နာရီခန့်ကြာအောင် ပစ်ခတ်မှုဖြစ်ကြောင်း မြို့ခံအချို့၏ ပြောကြားချက်အရ သိရသည်။

လောင်းလုံးမြို့ပေါ်ရှိ စစ်အာဏာရှင် တပ်စခန်းများကို တော်လှန်ရေးတပ်က ယနေ့ နံနက် ၉ နာရီအချိန်ခန့်မှစ၍ ဒရုန်းများဖြင့် လာရောက်ဗုံးချ ပစ်ခတ်တိုက်ခိုက်ရာမှ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“မိုးရွာနေတယ် တိုက်ပွဲဖြစ်ချိန်၊ ၁၁ နာရီလောက်မှာတော့ အသံစဲသွားပြီ၊ လက်နက်ကြီးတွေရော လက်နက်ငယ်တွေရောပါပဲ ပစ်ကြတာ” ဟု အထက်ပါအမျိုးသားက ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်၍ အသေးစိတ်ကို မသိရသေးသဖြင့် မည်သည့်တော်လှန်ရေးတပ်ဖွဲ့နှင့် ဖြစ်ပွားခဲ့သည်ဆိုသည်ကိုမူ မသိရသေးပေ။

အင်အား တစ်ရာ့ငါးဆယ်ထက်မနည်းရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းတစ်ကြောင်းသည် မေလ တတိယပတ်ကစပြီး လောင်းလုံးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးနေရာ တော်လှန်ရေးတပ်တို့နှင့် ထိတွေ့တိုက်ပွဲ လေးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

ထိုစစ်ကြောင်း မြို့ထဲသို့ပြန်မရောက်မီ လောင်းလုံးမြို့ထဲရှိ စစ်အာဏာရှင်တပ်စခန်းများ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

လောင်းလုံးမြို့အပြင်ဘက် ကျေးရွာပေါင်းတစ်ဆယ်ကျော်ကို စစ်ကြောင်းထိုး‌နေသည့် အဆိုပါစစ်အာဏာရှင်တပ်မှာ ကဒက်ကြီးကျေးရွာတွင်လည်း နေအိမ် ၆ ဆောင်ကို မီးရှို့ခဲ့သည်။

လောင်းလုံးအောက်ဘက် ကျေးရွာတို့တွင် မေလ ၂၂ ရက်နေ့ကစပြီး စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား စစ်ရေးတင်းမာနေခြင်းကြောင့် အနည်းဆုံး ကျေးရွာဆယ်ရွာခန့်ရှိ ဒေသခံပြည်သူများ နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

အဆိုပါစစ်ကြောင်းမှ ယနေ့နံနက်ပိုင်းတွင် ၎င်းတို့တပ်စွဲထားသည့် ကဒက်ကြီးကျေးရွာမှ လောင်းလုံးမြို့ဘက်သို့ ဦးတည်ပြီးတောလမ်းအတိုင်း ပြန်တက်သွားကြောင်း ဒေသခံတို့ကဆိုသည်။

လောင်းလုံးမြို့ဘက်သို့ ပြန်လာသော အဆိုပါစစ်ကြောင်းမှာ အောက်ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာမှ အသက် ၁၁ နှစ်ဝန်းကျင်အရွယ် ကလေးလေးဦးအပါဝင်‌ ဒေသခံအချို့ကို ဖမ်းဆီးထားကြောင်း ဒေသခံတို့က ပြောသည်။

ညနေ ၂ နာရီကျော်အထိ မေးမြန်းချက်အရ အဆိုပါစစ်ကြောင်းမှာ လောင်းလုံးမြို့ထဲသို့လည်း ပြန်မရောက်ဘာသေးဘဲ တောထဲတွင်တပ်ဖျောက်ထားကြောင်း ဒေသခံတို့ကဆိုသည်။

ယင်းအတွက်ကြောင့် စစ်အာဏာရှင်စစ်ကြောင်း ရုတ်တရက် ရွာထဲသို့ဝင်ရောက်လာနိုင်ခြေရှိသော ကဒက်ငယ်ထိန်၊ ‌ထိန်ကြီး၊ ပန္နဲတော၊ ဂေါ့အင်း၊ ညင်းမော် ကျေးရွာတို့မှ ဒေသခံများ နေအိမ်တွင်မနေရဲကြဘဲ တိမ်းရှောင်နေကြရကြောင်း ပြောဆိုသည်။