ထားဝယ်မြို့ရှိ ကလေးကစားကွင်းတွင် မေလ ၃၁ ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်တစ်စီး ထပ်မံအခိုးခံလိုက်ရကြောင်း ဆိုင်ကယ်အခိုးခံရသည့် ကာယကံရှင်နှင့် နီးစပ်သူထံမှ သိရသည်။
အခိုးခံလိုက်ရသည့် ဆိုင်ကယ်မှာ Wave အမျိုးအစား ဆိုင်ကယ်ဖြစ်ပြီး သားအမိနှစ်ဦး ဆိုင်ကယ်ထားပြီးနောက် ကစားကွင်းအတွင်း ဝင်ရောက်သွားရာမှ ပြန်ထွက်လာချိန်တွင် ဆိုင်ကယ်မှာ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။
ယင်းနောက် ကစားကွင်းအနီးရှိ CCTV မှတ်တမ်းများကို ကြည့်ရှုရာ အမျိုးသားတစ်ဦးမှ ၎င်း၏ဆိုင်ကယ်အား ခိုးယူမောင်းထွက်သွားသည်ကို တွေ့ရှိရခြင်းဖြစ်သည်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
“သားအမိနှစ်ယောက်သွားတယ် ကစားကွင်းရောက်တော့ ကလေးက ဆင်းပြေးသွားတယ်ဆိုတော့ သူလည်း ဆိုင်ကယ်ကို သော့ခတ်ဖို့ သတိမထားမိဘဲ ဝင်သွားတယ်ထင်တယ်” ဟု ယင်းအမျိုးသမီးက ပြောသည်။
ဆိုင်ကယ်ခိုးယူသူမှာ ဘောင်းဘီရှည်အမည်းရောင်၊ အင်္ကျီအမည်းရောင် ဝတ်ဆင်ထားပြီး ခိုးယူသွားသည့်ဆိုင်ကယ်အား မောင်းထွက်သည်ကို Dawei Watch မှ ရရှိထားသည့် CCTV မှတ်တမ်းဓာတ်ပုံတွင် တွေ့ရသည်။
CCTV မှတ်တမ်းအရ ဆိုင်ကယ်ခိုးယူသူအား သက်ဆိုင်ရာကို တိုင်ကြားထားကြောင်း အထက်ပါ အမျိုးသမီးထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ထားဝယ်မြို့ရှိ ကလေးကစားကွင်း၌ လာရောက်လည်ပတ်သည့် မြို့ခံတစ်ဦး၏ ဆိုင်ကယ်တစ်စီးမှာ အလားတူ အခိုးခံလိုက်ရသေးကြောင်း စုံစမ်းသိရသည်။
ထားဝယ်မြို့ ကလေးကစားကွင်းတွင် မော်တော်ဆိုင်ကယ် ပျောက်ဆုံးမှုများ ယခုနှစ်အစောပိုင်းမှစ၍ ခပ်စိပ်စိပ် တွေ့လာရခြင်းကြောင့် သတိထားကြရန်လည်း မြို့ခံအချို့က သတိပေး ပြောကြားသည်။







