ထားဝယ်မြို့ပေါ် ဝန်ကြီးအိမ်ရာနောက်ကြောဘက် ပင်လုံအိမ်ရာအနီးရှိ မြက်ခြောက်တောနှင့် စောမိညိုဘုန်းကြီးကျောင်းလမ်း နံဘေးရှိ လယ်ကွင်းတို့တွင် ယနေ့ မေလ ၁ ရက် မွန်းလွဲ ၁ နာရီခန့်က မီးလောင်မှုနှစ်ခု ဖြစ်ပွားခဲ့ကြောင်း မြို့ခံများနှင့် ကူညီဆောင်ရွက်ပေးနေသူအချို့ထံမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများအိမ်ရာ အနောက်ဘက်နှင့် ပင်လုံအိမ်ရာအနီးရှိ မြက်ခြောက်များမှာ အပူရှိန်ကြောင့် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်ရာသို့ ထားဝယ်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့ခံပရဟိတအဖွဲ့များ ပူးပေါင်းငြှိမ်းသတ်နေစဉ် နောက်တစ်နေရာဖြစ်သည့် စောမိညိုဘုန်းကြီးကျောင်း လမ်းမဘေးရှိ လယ်ကွင်းပြင်၌လည်း အပူရှိန်ကြောင့် မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့သေးကြောင်း ကူညီငြှိမ်းသတ်ရာတွင် ပါဝင်သည့် မြို့ခံတစ်ဦးက ပြောသည်။
“ပျက်စီးမှုကတော့ ကြီးကြီးမားမားမရှိဘူး။ စောမိညိုဘက် မီးလောင်မှုမှာတော့ ထန်းရည်တဲလေးတစ်တဲ ခေါင်မိုးပေါ် မီးပွားကျတာမျိုးရှိတယ်” ဟု အထက်ပါ မြို့ခံက ဆိုသည်။






ထားဝယ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် လေးစီး၊ ဇမ္ဗူသီရိအဖွဲ့မှ ရေသယ်ယာဉ် နှစ်စီး၊ ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်များမှ ရေသယ်ယာဉ်ငယ် လေးစီးနှင့် မြို့ခံပရဟိတအဖွဲ့များ၊ မြို့ခံပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး မွန်းလွဲ ၂ နာရီခန့်တွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။
စောမိညိုဘုန်းကြီးကျောင်းလမ်း နံဘေးမီးလောင်မှုတွင်မူ ရပ်ကွက်အတွင်း မီးကူးစက်လာမှုမရှိစေရန် မီးတားလမ်းများ လုပ်ဆောင်ပေးခဲ့ရကြောင်း ကူညီဆောင်ရွက်ပေးသူ မြို့ခံများထံမှ သိရသည်။
အဆိုပါ မီးလောင်မှုနှစ်ခုစလုံးမှာ နေ့အပူရှိန် မြင့်မားနေမှုကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း ကူညီဆောင်ရွက်နေသူများက ပြောသည်။ ထားဝယ်မြို့၏ ယမန်နေ့ ဧပြီလ ၃၀ ရက် အပူချိန်သည် ၄၀ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်အထိ ရှိခဲ့သည်။ အောက်မြန်မာပြည်နှင့် ကမ်းရိုးတန်းဒေသများ၏ မေလ ပျမ်းမျှအပူချိန်မှာ ၃၂ ဒီဂရီစင်တီဂရိတ်မှ ၃၄ ဒီဂရီစင်တီဂရိတ်အထိသာ ရှိတတ်သည်။
ပြီးခဲ့သည့် ဧပြီလကလည်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်ယန္တရားအောက်ရှိ တပ်များက တောမီးရှို့မှုကြောင့် နေအိမ် ၁၂ ဆောင် မီးလောင်ပျက်စီးခဲ့သေးသည်။







