ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီ ခြောက်မိုင်ရွာတွင် တိုက်ပွဲဖြစ်ပြီး အမျိုးသမီးတစ်ဦး ကျည်ထိမှန်‌သေဆုံး

May 1, 2026

တနင်္သာရီမြို့နယ်၊ ခြောက်မိုင်ရွာတွင် စစ်အာဏာရှင်တပ်နှင့်‌ တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားရာ ဒေသခံအမျိုးသမီးတစ်ဦး ကျည်ထိမှန်ပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီလ ၃၀ရက် နံနက် ၉နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး ခြောက်မိုင်ရွာဒေသခံ အသက်၄၅ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး လည်ပင်းတွင် ကျည်ထိမှန်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“အိမ်ပေါ်ကအဆင်း ထိသွားတယ်ထင်တယ်။ ပွဲချင်းပြီး သေဆုံးသွားတယ်” ဟု ၎င်းက ပြောသည်။

ခြောက်မိုင်ရွာဒေသခံများသည် တိုက်ပွဲဖြစ်ပွားမှုအခြေအနေကို စောင့်ကြည့်ကာ ကျေးရွာသို့ ဝင်ထွက်သွားလာလေ့ ရှိကြောင်း ဒေသခံများက ပြောဆိုသည်။

“သေတဲ့အချိန် တိုက်ပွဲဖြစ်နေတယ်။ ဘယ်သူ့ဘက်က ပစ်လိုက်တဲ့ ကျည်တော့မသိဘူး။ စစ်တပ်က (ခြောက်မိုင်ရွာမှာ) ဟိုနားပေါ် ဒီနားပေါ်တော့ဖြစ်နေတယ်။ ရွာသားတွေပဲ အလောင်းသွားယူပြီး မြှုပ် (သင်္ဂြိုဟ်) လိုက်တယ်” ဟု ဒေသခံအခြားတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များသည် ခြောက်မိုင်ရွာနှင့် ဘန်လောရွာများတွင် ဧပြီလ၂၅ရက်နေ့မှ ၃၀ရက်နေ့အထိ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

တနင်္သာရီမြို့နယ် ဗောဓိကမ်း-ညောင်ပင်ကွင်းကျေးရွာ တစ်လျှောက်ရှိ ဘန်လော၊ ငါးမိုင်၊ ခြောက်မိုင်၊ ထုံတော်ကျေးရွာများ စစ်အာဏာရှင်တပ် အင်အားသုံးတပ်ဖြန့်ထားသဖြင့် တိုက်ပွဲများ၊ လေယာဉ်၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှုများ အချိန်မရွေး ဖြစ်နိုင်ကြောင်း မြိတ်ခရိုင် အမှတ် (၂) တပ်ရင်းက ဧပြီလ ၂၁ရက်တွင် ထုတ်ပြန်ထားသည်။