မြောက်ကိုရီးယားနိုင်ငံတွင် ယခုနှစ်အတွင်း ပုံမှန်မဟုတ်သည့် ပြင်းထန်သော မိုးခေါင်ရေရှားမှုနှင့် ရင်ဆိုင်နေရကြောင်း အစိုးရပိုင်မီဒီယာက ဧပြီလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
သီးနှံများပျက်စီးမှုမရှိစေရန် မြောက်ကိုရီးယားအစိုးရက ကြိုးပမ်းဆောင်ရွက်နေကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။
သံတမန်ရေးအရ အထီးကျန်နေသည့် မြောက်ကိုရီးယားနိုင်ငံသည် အခြေခံအဆောက်အအုံနှင့် စီးပွားရေးအားနည်းမှုကြောင့် သဘာဝဘေးအန္တရာယ်များ၏ ဒဏ်ကို အခြားနိုင်ငံများထက် ပိုမိုပြင်းထန်စွာ ခံစားရလေ့ရှိသည်။
မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အဲလိဇဘက်ဆာလ်မွန်က စားနပ်ရိက္ခာပြတ်လပ်မှုသည် နိုင်ငံအတွက် အဓိကစိုးရိမ်ဖွယ်ရာ ဖြစ်နေပြီဖြစ်ကြောင်း ယခုနှစ် ဖေဖော်ဝါရီလက ပြောကြားထားသည်။
“နိုင်ငံတဝန်း နေရာတော်တော်များများမှာ ပုံမှန်မဟုတ်တဲ့ မိုးခေါင်ရေရှားမှုဒဏ်ကို ဆက်တိုက်ရင်ဆိုင်နေရပါတယ်။ ဒါဟာ အရင်နှစ်တွေတုန်းက ရှားရှားပါးပါး တွေ့ရလေ့ရှိတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်” ဟု မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြသည်။
“ဒေသအသီးသီးက အလုပ်သမားတွေဟာ ရာသီဦးသီးနှံတွေကို မိုးခေါင်ရေရှားဒဏ်ကနေ ကာကွယ်ဖို့အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေကြပါတယ်” ဟု KCNA က ဖြည့်စွက်ဖော်ပြသည်။
မြောက်ကိုရီးယား ဝန်ကြီးချုပ် ပတ်ထယ်ဆောင်သည် တောင်ပိုင်းပြုံယန်းပြည်နယ်နှင့် ဟွမ်ဟေးမြောက်ပိုင်းပြည်နယ်ရှိ စိုက်ပျိုးရေးလုပ်ငန်းခွင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး “မိုးခေါင်ရေရှားမှုကြောင့် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်စေမည့် တုံ့ပြန်ဆောင်ရွက်ရေး နည်းလမ်းများ” ကို ဆွေးနွေးခဲ့ကြောင်း နောက်ထပ်သတင်းတစ်ခုတွင် ဖော်ပြထားသည်။
ရရှိနိုင်သမျှသော ရေအရင်းအမြစ်အားလုံးကို ရှာဖွေဖော်ထုတ်ပြီး ထိရောက်စွာ အသုံးပြုကြရန် ၎င်းက တိုက်တွန်းထားသည်။
ပြီးခဲ့သည့်နှစ်တွင် အာရှ၏ စတုတ္ထအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သည့် တောင်ကိုရီးယားနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းဒေသတွင်လည်း မိုးခေါင်ရေရှားမှုဒဏ်ကို ရင်ဆိုင်ခဲ့ရသည်။
Source: Taipei Times







