လွှတ်တော်သို့ ရောက်ရှိသွားသည့် ရေကြည်ငါးဖမ်းမှု

0
566

လောင်းလုံးမြို့နယ်နှင့် ဆက်စပ်လျက်ရှိသော မြန်မာ့ပင်လယ်ပြင်တွင် ဒေသအခေါ် ရေကြည်ငါး(ငါးနီတူ)များအား တရားမဝင်ဖမ်းဆီးမှု များပြားလာနေမှုနှင့်ပတ်သက်၍ သြဂုတ်လ ၄ ရက်နေ့က ကျင်းပသော အမျိုးသားလွှတ်တော်တွင် မေးခွန်းထုတ်လိုက်သည်။

တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၂၊ လောင်းလုံးဒေသကိုယ်စားပြု အမျိုးသားလွှတ်တော်အမတ် ဦးသက်နိုင်စိုးက မေးခွန်းမေးမြန်းခဲ့ခြင်း ဖြစ်သည်။

ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက်

သူ၏ မေးခွန်းအရ သိရသည်မှာ ယင်းသို့ ဖမ်းဆီးမှုသည် ၂၀၁၂ ခုနှစ်မှစ၍ များလာနေသည်။ ပိုက်ကွက်စိပ်များ ဖြင့် ဖမ်းဆီးနေခြင်း ဖြစ်သည်။ ပိုက်ကို စစ်ဆေးရေးအဖွဲ့များ မတွေ့စေရန်အတွက် လှေပေါ်တင်ဆောင်ခြင်းမပြုဘဲ ပိုက်ချထားသည့်နေရာအား ဂြိုလ်တုလမ်းပြစနစ် (GPS) ဖြင့် အမှတ်အသား ပြုဖမ်းဆီးခြင်း၊ ဗို့အားပြင်းမီးဖြင့် မြှူဆွယ်ခြင်း စသည့်နည်းလမ်းများဖြင့် ဖမ်းဆီးကြသည်။

ဇီဝဇိုးတို့ ပျော်စံရာ

ဖမ်းသူများသည် ဒေသခံက အနည်းစုသာပါဝင်ပြီး အများစုမှာ အခြားဒေသမှ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်သည်။ အခြားဒေသမှ စီးပွားရေးလုပ်ငန်းရှင်များက နယ်မြေချဲ့ထွင် လာသည့်အခါ ဒေသခံများအနေနှင့် လည်း လုပ်ကိုင်စားသောက်စရာ နေရာပျောက်ကာ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် ပြည်ပသို့ထွက်ခွာ အလုပ်လုပ် ကိုင်နေကြရသည်ဟု ဆိုသည်။

“ဖမ်းတဲ့ပိုက်တွေက ခြင်ထောင် ပေါက်လေးထက် နည်းနည်းပဲကြီးတဲ့အတွက် မြန်မာ့ပင်လယ်ပြင်ကြီး ဘယ် လောက်ပဲကျယ်ကျယ် ပင်လယ်ထဲမှာ ရှိတဲ့ သယံဇာတတွေဟာ အဲလိုပိုက်ကွက် နဲ့ ဖမ်းလို့ရှိရင်တော့ ရေပဲကျန်တော့ မှာဖြစ်ပါတယ်” ဟု ဦးသက်နိုင်စိုးက ဆိုသည်။

စမ်းလှမ်းရွာနှင့် ပညစ်ရွာအကြားတွင် ရှိသည့် ကမ်းခြေတစ်လျှောက်တွင် အများဆုံးဖမ်းဆီးနေခြင်းဖြစ်ကြောင်းလည်း ၎င်းက တနင်္သာရီအပတ်စဉ်သို့ ပြောသည်။

ယင်းကဲ့သို့ ဥပဒေ၊ ညွန်ကြားချက်နှင့်မညီဘဲ ရေကြည်ငါးဖမ်းဆီးမှုများကို အရေးယူရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်း ခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ပြန်လည်ဖြေဆိုရာတွင် ရေကြည်ငါးများကို ဖမ်းဆီးခွင့်မပြုထားသဖြင့် မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

နွေရာသီဆိုပါက လောင်းလုံးမြို့နယ်ရှိ ကမ်းခြေအချို့တွင် ရေကြည်ငါး လှမ်းစင်များကို တွေ့ရလေ့ရှိသည်။

တနင်္သာရီတိုင်းတွင် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မေလအထိ တရားမဝင် ငါးဖမ်းလှေနှင့် စည်းကမ်းမလိုက်နာသောလှေ ၁၄၅ စီး၊ တရားမဝင် ငါးဖမ်းကိရိယာ နှစ်ခုတို့ကို ဖမ်းဆီးနိုင်ခဲ့သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီး၏ ပြောဆိုချက်အရ သိရသည်။

ကျော်သူစိုး