ဟိန္ဒားရွာ ရေလှောင်တမံ လည်ပတ်ခွင့်ပိတ်

0
323

ထားဝယ်မြို့နယ် ဟိန္ဒားကျေးရွာ ရေလှောင်တမံ(ရေကန်တောင်) လာရောက် လည်ပတ်ခွင့်ကို ဇူလိုင်လ ၁၇ ရက်ကစပြီး ပိတ်လိုက်ပြီဖြစ်ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဂျိုးဇက်က ပြောသည်။

ဟိန္ဒားရွာသားများ သောက်သုံးရေအဖြစ် အသုံးပြုနေသော အဆိုပါ ရေလှောင်တမံသို့ နေ့စဉ်လာရောက်လည် ပတ်နေသူများသည် ကန်ဘောင်ပေါ်တွင် လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ အမှိုက်များကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းများကို ပြုလုပ်နေကြသဖြင့် လည်ပတ်ခွင့် ပိတ်လိုက်ခြင်းဖြစ်ကြောင်း ဦးဂျိုးဇက်က ပြောသည်။

ယင်းအပြင် ရေကန်တောင်မှာ ပေသုံးဆယ်ခန့် အမြင့်ရှိသဖြင့် အလည်အပတ် လာသူများ အန္တရာယ်မဖြစ်စေရန် ပိတ်လိုက်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

အများသုံးလှည်းလမ်းပိတ်သူကို အမှုဖွင့်

“အစတုန်းကတော့ လွှတ်ပေးထား သေးတယ်။ နောက်ပိုင်းမှာ လူတွေက သွားလာများလာပြီးတော့ စည်းကမ်း မရှိဖြစ်လာတယ်။ အန္တရာယ်ကို ကြိုတင် တားဆီးတဲ့အနေနဲ့ ပိတ်လိုက်တာ” ၎င်းက ဆိုသည်။

အဆိုပါ ရေလှောင်တမံမှာ လွန်ခဲ့သည့်နှစ်ပေါင်း ကိုးဆယ်ကျော်ကတည်းက ဟိန္ဒားသတ္တုတွင်းနှင့် ရွာသားများ သောက်သုံးရေအတွက် ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း ဦးဂျိုးဇက်က ပြောသည်။

ရေလှောင်တမံသို့ လေ့လာရေးသဘော လာရောက်လိုသူများအနေဖြင့်မူ ကျေးရွာအုပ်ချုပ်ရေးမှူးထံအကြောင်း ကြားပြီးလာနိုင်ကြောင်း ၎င်းက ပြောသည်။

ရေလှောင်တမံအနီးရှိ ရေတံခွန်ကိုမူ လည်ပတ်ခွင့် မပိတ်ထားဟု ဟိန္ဒားကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။‌

မိုးရာသီဆိုပါက တနင်္သာရီတိုင်းတွင် ရေတံခွန်များသို့ လည်ပတ်သွားလာသူများဖြင့် စည်းကားနေလေ့ရှိသည်။

သရက်ချောင်းရေတံခွန်တွင် ယခုနှစ်အတွင်း ရေနစ်သေဆုံးသူ နှစ်ဦးရှိသည်။

ကျော်သူစိုး