မရိုးသားသည့် ပိုင်ဆိုင်မှုရှိက သူခိုးဟုခေါ်ပါ

0
414

-ဝန်ကြီးချုပ်

တိုင်းအစိုးရတာဝန်ထမ်းဆောင်စဉ် မရိုးသားသည့် ပိုင်ဆိုင်မှုရှိပါက သူခိုးဟု ခေါ်နိုင်ကြောင်း တနင်္သာရီတိုင်း ဝန်ကြီးချုပ်က စိန်ခေါ်လိုက်သည်။

တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း တင်ပြထားသည့် ပိုင်ဆိုင်မှုထက် ကျော်လွန်နေပြီး မရိုးသားသည့် အထောက်အထားများရှိပါက စုံစမ်းဖော်ထုတ်နိုင်ကြောင်း ၎င်းက ဆိုသည်။

ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်သည့် တိုင်းအစိုးရအဖွဲ့၏ တစ်နှစ်တာ လုပ်ဆောင်ချက်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ကိုလည်း စုံစမ်း နိုင်ပါတယ်။ အဲဒီထက်ပိုပြီးတော့ မရိုးမသားတဲ့နည်းတွေနဲ့ ရယူပြီးတော့ ပိုင်ဆိုင်ထားတာရှိရင် ကျွန်တော်တို့ကိုလည်း Challenge (စိန်ခေါ်) လုပ်ပါတယ်။ မီဒီယာတွေ စာလုံးအမည်းကြီးနဲ့ သူခိုးလို့ခေါ်နိုင်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။

လူထုကိုယ်စားပြု အမတ်မင်းများ အလိုရှိသည်

လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရစဉ်ကပင် ပိုင်ဆိုင်မှု အထောက်အထားများကို တင်ပြထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခင်ကလည်း အဂတိလိုက်စားမှုကြောင့် အရေးယူခဲ့သည့်ဖြစ်စဉ်များရှိခဲ့ပြီးဖြစ်သည့်အတွက် လက်ရှိအခြေအနေတွင် ယင်းကဲ့သို့ ထပ်မံကျူးလွန်ပါက ကျူးလွန်သူ၏မိုက်မဲမှုသာဖြစ်ကြောင်း ဦးမြင့်မောင်က ပြောသည်။

ဒေါက်တာလဲ့လဲ့မော် ဝန်ကြီးချုပ်ဖြစ်စဉ်က GGS ကုမ္ပဏီနှင့်အိမ်အရောင်းအဝယ်ကိစ္စနှင့် ပတ်သက်၍ သတင်းများစွာ ထွက်ခဲ့သော်လည်း မီဒီယာများအနေနှင့်ပင် စုံစမ်းရေးသားရန် သက်သေ မရရှိပေ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းစစ်ဆေးမှသာ ထိုကိစ္စ အခိုင်အမာထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုကြောင့် အဂတိလိုက်စားခြင်းကို စုံစမ်းရန်မှာ သာမန်ပြည်သူများအတွက် ပိုမိုခက်ခဲလေ့ရှိသည်။

တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးပြီး တရားရုံးတွင် စစ်ဆေးစဉ် ၎င်းအနေဖြင့် အဂတိလိုက်စားမှုမရှိခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

သို့ရာတွင် တရားစွဲဆိုသည့် တရားလိုဘက်မှ တင်ပြသည့် လူသက်သေ၊ စာရွက် စာတမ်းသက်သေ စသည့် အထောက်အထားများအရ အဂတိလိုက်စားကြောင်း ပေါ်ပေါက်သည့်အတွက် တရားရုံးက ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခဲ့သည်။

ဒေါက်တာလဲ့လဲ့မော်သည် တာဝန်ထမ်းဆောင်ပြီး ၃ နှစ် ခန့်အကြာတွင် ဖမ်းဆီးအရေးယူခံခဲ့ရသည်။