တရားမဝင် ခဲဖောင်ကြောင့် ပေါက်တိုင်းချောင်းပျက်စီးမည် စိုးရိမ်

0
568

ထားဝယ်မြို့အနီးရှိ အဓိက ချောင်းတစ်ခုဖြစ်သော ပေါက်တိုင်းချောင်းဖျားတွင် တရားမဝင်ခဲဖောင်များ တူးဖော်နေမှုကြောင့် မြစ်ကြောင်းပျက်စီးသွားမည်ကို စိုးရိမ်နေရကြောင်း ပေါက်တိုင်းချောင်းဖျား ဖွံ့ဖြိုးရေးကော်မတီအတွင်းရေးမှူးက ပြောကြားသည်။

ပေါက်တိုင်းချောင်းဖျားဒေသဖြစ်သည့် လိပ်ကြယ်ပြောင်၊ သရက်ငုတ်၊ ရမ္မဇူ ရွာအနီးတစ်ဝိုက်တွင် ရေစုပ်ပန့်များဖြင့် စုပ်ယူနေကြကြောင်း ကော်မတီအတွင်းရေးမှူး ဦးဖိုးနီက ဆိုသည်။

ထိုသို့ ရေအောက်ကြမ်းပြင်တွင် ခဲစုပ်ယူမှုကြောင့် ချောင်း၏ ရေစီးကြောင်း ပြောင်းလဲလာပြီး သောင်ထွန်းခြင်း၊ မြစ်ကမ်းပါးပြိုကာ ဥယျာဉ်ခြံမြေဆုံးရှုံးမှုများ ကြုံနေရသည်ဟု ၎င်းက ပြောသည်။

“ချောင်းအတွက် ထိခိုက်မှုကတော့ သိသိသာသာ ဖြစ်ပေါ်လာတာပေါ့။ ချောင်းရိုးပြောင်းသွားတာမျိုး အများကြီး ဖြစ်လာတယ်” ဟု ဦးဖိုးနီက ဆိုသည်။

မိုးနည်းသဖြင့် လယ်သမားများ အခက်တွေ့

မြစ်ကြမ်းပြင်တွင် ဝါးဖောင်များဖြင့် ခဲစုပ်နေသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်ပြီး ဖောင်အရေအတွက် ၃၀ ဝန်းကျင် ရှိသည်ဟု ဦးဖိုးနီက ဆိုသည်။

ထိုသို့ ပျက်စီးမှုများဖြစ်လာသည့်အတွက် ယမန်နှစ်ကုန်ပိုင်းက ဖောင်ပိုင်ရှင်များနှင့် သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်မှူးပါဝင်သည့် အစည်းအဝေးနှစ်ကြိမ် ပြုလုပ်ခဲ့သော်လည်း စုပ်နေမြဲပင်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပေါက်တိုင်းချောင်းသည် ထားဝယ်မြို့၏ အရှေ့ဘက်မှ ဖြတ်သန်းစီးဆင်းပြီး ရှင်မုတ္ထီးရွာအနီးတွင် ထားဝယ်မြစ်အတွင်းသို့ စီးဝင်သွားသည်။

မြစ်ချောင်းနှင့် မြေပေါ်မြေအောက်ရှိ သတ္တုကို ခွင့်ပြုချက်မရှိဘဲ တူးဖော်ပါက မြန်မာ့သတ္တုတွင်းဥပဒေနှင့် ငြိစွန်းကြောင်း သတ္တုတွင်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်က ဆိုသည်။

သို့ရာတွင် ဝမ်းစာရေးအတွက် တစ်နိုင်တစ်ပိုင်လုပ်ကိုင်နေသူများဖြစ်သည့်အတွက် အရေးယူရန် အဆင်မပြေကြောင်း ၎င်းက ပြောသည်။

တရားမဝင်သတ္တုတူးဖော်ပါက မြန်မာ့သတ္တုတွင်းဥပဒေ ပုဒ်မ-၃၀(က) ဖြင့် အရေးယူနိုင်သည်။

“ဒါပေမယ့် အဲလိုငြိစွန်းတိုင်း ကျွန်တော်တို့က တရားထစွဲလို့လည်း မဖြစ်ဘူးလေ။ ဒါက တစ်နေ့လုပ်မှတစ်နေ့စား သဘောမျိုးနဲ့ ခွင့်ပြုထားရတယ်” ဟု ဦးကျော်ကျော်က ပြောသည်။

ဥပဒေအရ ထုတ်ပေးထားသည့် ခွင့်ပြုမိန့်မရရှိဘဲ သတ္တုရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်း၊ ဓာတ်သတ္တုထုတ်လုပ်ခြင်းကို လုပ်ဆောင်ပါက ထောင်ဒဏ် ၁၀ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ကျပ်သိန်း ၅၀ အထိဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။