မိုးနည်းသဖြင့် လယ်သမားများ အခက်တွေ့

0
480

တနင်္သာရီတိုင်းတွင် မိုးကြို၊ မိုးဦး တစ်လျှောက်လုံးအပါအဝင် လက်ရှိ မိုးလယ်ကာလအထိ မိုးရေချိန်နှင့် မိုးရွာသွန်းရက်များ ယမန်နှစ်ထက် သိသိသာသာလျော့နည်းနေကြောင်း တိုင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနစာရင်းအရ သိရသည်။

ယင်းကဲ့သို့ မိုးနည်းပါးနေသဖြင့် စပါးပင်များ မကြီးထွားနိုင်ဘဲဖြစ်နေကြောင်း ထားဝယ်ခရိုင်ရှိ လယ်သမားအချို့က ညည်းတွား နေကြသည်။

“အခုဆိုရင် စပါးပင်တွေက ကြီးထွားမှုနှုန်းက ရပ်တန့်နေတာပေါ့။ အခု ဝါဆို၊ ဝါခေါင်လဆို စပါးပင်က တစ်ပေခွဲလောက် မြင့်နေရမှာကို။ အခုဆို တစ်ထွာ လောက်ပဲရှိတယ်။ မတက် နိုင်ဘူး” ဟု ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်မှ လယ်သမား ဦးထွန်းဝင်းက ပြောသည်။

ယင်းသို့ မိုးနည်းနေခြင်းကြောင့် စပါးပင်ကြီးထွားစေရန် ဓာတ်မြေသြဇာကို ပိုမိုအသုံးပြုလာနေရကြောင်း ထားဝယ်ခရိုင်ရှိ လယ်သမားအချို့က ပြောသည်။

အွန်လိုင်းကနေသင်ယူဖို့ တက္ကသိုလ်ကျောင်းသားတွေရဲ့ အခက်အခဲများ

ယမန်နှစ် ဇန်နဝါရီလ ၁ ရက်မှ ဇူလိုင်လ ၂၃ ရက်နှင့် ယခုနှစ် ဇန်နဝါရီ လ ၁ ရက်မှ ဇူလိုင်လ ၂၃ ရက် နှိုင်းယှဉ်ချက်အရ ယခုနှစ်တွင် တစ်တိုင်းလုံး ပျမ်းမျှမိုးရွာရက် ၁၁ ရက်နှင့် မိုးရေချိန် ၂၇ လက်မ လျော့နည်းနေခြင်းဖြစ်ကြောင်း တိုင်းမိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနစာရင်းအရ သိရသည်။

မိုးနှောင်းကာလဖြစ်သည့် သြဂုတ်လ နောက်ပိုင်းမှ မိုးများနိုင်ကြောင်း အထက်ပါဌာနက ခန့်မှန်းထားသည်။

မိုးများစိုစွတ်သည့် ရာသီဥတုအမျိုးအစားဖြစ်သော လာနီညာ ရာသီဥတုသည် သြဂုတ်လ နောက်ပိုင်း တကမ္ဘာလုံးသို့ ကျရောက်လာနိုင်ချေ ၇၅ ရာခိုင်နှုန်းရှိနေကြောင်း မြန်မာနိုင်ငံနှင့် နိုင်ငံတကာမိုးလေဝသဌာနတို့က ခန့်မှန်းထားကြောင်း အထက်ပါဌာန တိုင်းဦးစီးမှူး ဦးကျော်မိုးခိုင်က ပြောသည်။

“အဲဒီအချိန်မှာ ရွာတဲ့မိုးက အကျိုးပေးတဲ့မိုးမဟုတ်ဘဲနဲ့ အဖျက်ဘက်ကို ဦးတည်တဲ့မိုးဖြစ်သွားမယ့်မိုး ဖြစ်သွားမှာ။ မလိုအပ်ဘဲရွာတဲ့မိုး ဖြစ်သွားမှာ” ဟု ဦးကျော်မိုးခိုင်က ပြောသည်။

မိုး/ဇလက မိုးများမည်ဟု ခန့်မှန်းထားသည့်အချိန်မှာ လယ်သမားများ စပါးရိတ်သိမ်းမည့်ကာလနှင့်လည်း တိုက်ဆိုင်နေသည်။

လက်ရှိတွင် စပါးပင်များ ရေလုံလောက်စွာမရသဖြင့် စပါးပေါ်ချိန်တွင် စပါးအထွက်လျော့မည်ဟု ထားဝယ်ခရိုင်မှ လယ်သမားများက ခန့်မှန်းနေကြသည်။

ကျော်သူစိုး