လမ်းဘေးအရက်သောက်သူ နှစ်ဆယ်နီးပါးကို ဖမ်းဆီး

0
2120

ထားဝယ်မြို့အတွင်း လမ်းဘေးနေရာများတွင် အရက်သောက်နေသူ နှစ်ဆယ်နီးပါးကို ဇူလိုင်လ ၁၈ ရက် ညကဖမ်းဆီးခဲ့ကြောင်း ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သိန်းက ပြောသည်။

ထားဝယ်မြို့ရှိ အမှတ် ၂ အခြေခံ ပညာအထက်တန်းကျောင်းရှေ့တွင် အရက်သောက်နေသူ ၁၁ ဦးနှင့် ကမ်းနားလမ်းတွင် အရက်သောက်နေသူ ၇ ဦး ကို ည ၁၀ နာရီကျော်တွင် လှည့်ကင်းအဖွဲ့ဖြင့် ဖမ်းဆီးခဲ့ကြောင်း ၎င်းက ဆိုသည်။

“(အရက်သောက်နေတာက) လမ်းဘေးမှာ အများသူငါ အပန်းဖြေတဲ့ နေရာမှာ။ နားနေတဲ့နေရာပေါ့” ဟု ရဲမှူးကျော်သိန်းက ပြောသည်။

ရဲတပ်ဖွဲ့က ရောက်ရှိချိန်တွင် အဆိုပါလူငယ်များက အများပြည်သူ သွားရာလမ်းနှင့် အနားယူအပန်းဖြေနေရာတွင် အရက်သောက်နေသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။

ဖျားနာ၊ ချောင်းဆိုးတိုင်း ကိုဗစ်ဖြစ်သလား

အဆိုပါလူငယ်များကို ဖမ်းဆီးရာတွင် အရက်ပုလင်းနှင့် ဘီယာပုလင်းများကိုပါ တွေ့ရှိရကြောင်း ရဲမှူးကျော်သိန်းက ပြောသည်။

လက်ရှိတွင် လမ်းဘေးအရက်သောက်နေသူများကို စိစစ်နေပြီး နောက်ပိုင်းတွင် ရဲအက်-၄၇ ဖြင့် အမှုဖွင့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထားဝယ်မြို့အတွင်းရှိ လေယာဉ်ကွင်းလမ်းတွင်လည်း နေ့ဘက်တွင် တစ်ခါတစ်ရံ အရက်ဝိုင်းဖွဲ့သောက်နေသည်ကို တွေ့ရသည်။