ပဲ့စင်ကျွန်းနှင့်ဆိုင်သည့် တိုင်းအစိုးရသဘောထား အထူးလျှို့ဝှက်ချက် ဟုဆို

0
493

နေပြည်တော်သို့ ပေးပို့ထားသည့် လောင်းလုံးပဲ့စင်ကျွန်းနှင့် သက်ဆိုင်သည့် တိုင်းအစိုးရ၏သဘောထားမှတ်ချက်မှာ အထူးလျှို့ဝှက်ဖြစ်၍ အများပြည်သူကို ထုတ်ပြန်၍မရကြောင်း တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးဦးမြင့်စန်းက ပြောကြားသည်။

လောင်းလုံးမြို့နယ်အတွင်းရှိ ပဲ့စင်ကျွန်းတွင် Excellent Fortune Develop- ment Group ကုမ္ပဏီမှ မြေလွတ်မြေလပ် လျှောက်ထားမှုအပေါ် တိုင်းအစိုးရ သဘောထားကို ထုတ်ပြန်၍ မရကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါကျွန်းရှိ မြေဧက ၁၄၀ ပေါ် တွင် နိုင်ငံတကာအဆင့်မီ ခရီးသွား လုပ်ငန်းများ၊ အပန်းဖြေဝန်ဆောင်မှု လုပ်ငန်းများ၊ ဇိမ်ခံသင်္ဘောများရပ်နားနိုင်သည့် ဆိပ်ကမ်း၊ ရေပေါ်ရေအောက် ကစားကွင်းများနှင့် အိမ်ရာစီမံကိန်းလုပ်ရန်အတွက် အထက်ပါကုမ္ပဏီက လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ လျှောက်ထားခဲ့မှု နှင့်ပတ်သက် သည့် တိုင်းအစိုးရ၏ သဘောထားမှတ်ချက်ကို ယခုလအတွင်း ပြည်ထောင်စု အစိုးရအဖွဲ့သို့ ပေးပို့ထားကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ဆိုသည်။

“ကက်ဘိနက်မှာ အထူးလျှို့ဝှက် ဆိုတာ ရှိတယ်။ အထူးလျှို့ဝှက်ဆိုတာ ရှိရင် ပြောလို့မရဘူး။ ကက်ဘိနက် ဆုံးဖြတ်ချက်ပေါ့” ဟု ဦးမြင့်စန်းက ပြောသည်။

ယင်းကျွန်းလျှောက်ထားမှုနှင့် ပတ်သက်၍ တိုင်းအစိုးရ၏ သဘောထားမှတ်ချက်ကို ဗဟိုမြေလွတ် မြေလပ် နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီထံ ပေးပို့ပြီးနောက်တွင် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးထံ သဘောထားပြန်တောင်းပြီး ဗဟိုကော်မတီကပင် ခွင့်ပြု/ မပြု ဆုံးဖြတ်ကြောင်း ဝန်ကြီးဦးမြင့်စန်းက ဆိုသည်။

Excellent Fortune Develop- ment Group ကုမ္ပဏီမှ ဦးစိုင်းမျိုးဝင်းက ပဲ့စင်ကျွန်းကို ဗဟိုကော်မတီတွင် လျှောက်ထားခဲ့ပြီးနောက် လောင်းလုံးမြို့နယ် မြေစာရင်းရုံးတွင် ကန့်ကွက်လွှာခေါ်ယူခဲ့သည်။

ပဲ့စင်ကျွန်းအပါအဝင် လောင်းလုံးကျွန်းနှင့် ကမ်းခြေများကိစ္စ တိုင်းအစိုးရသဘောထား နေပြည်တော်ပို့

ထိုသို့ကန့်ကွက်လွှာခေါ်ချိန်တွင် ထားဝယ်ဒေသခံများက ကန့်ကွက်စာ တင်ကြသည့်အတွက် သီးခြားအဖွဲ့ဖြင့် စစ်ဆေးခဲ့သည်။

ကုမ္ပဏီက လုပ်ပိုင်ခွင့်လျှောက်ထားသည့် ပဲ့စင်ကျွန်းမှာ ဒေသခံ ကမ်းနီးငါးဖမ်းလှေငယ်များ လှိုင်းလေခိုနား၊ ရေချိုဖြည့်တင်းရာနှင့် ယင်းကျွန်းမှတစ်ဆင့် ငါးဖမ်းမည့်နေရာသို့သွားရန် ခရီးတစ်ထောက်နားသည့် နေရာအဖြစ် အသုံးပြုကြသည်။

ပွင့်လင်းမြင်သာမှုရှိရန် ကြွေးကြော် ပြီးတက်လာသည့် အစိုးရတစ်ရပ်အနေ ဖြင့် မည်ကဲ့သို့ သဘောထားမှတ်ချက်ပေးခဲ့ကြောင်းကို ပြည်သူကို ထုတ်ပြန်ပေးသင့်ကြောင်း ကန့်ကွက်ရာတွင် ဦးဆောင် ပါဝင်ခဲ့သည့် လောင်းလုံးမြို့နယ်မှ ဦးမောင်မောင်အေးက ဆိုသည်။

“လက်ရှိတက်နေတဲ့ အစိုးရက ပြည်သူနဲ့အတူဆိုပြောပြီး တကယ့် အာဏာရှင်စနစ်၊ အာဏာရှင်အစိုးရဆိုတာ ထင်ရှားနေတယ်” ဟု ဦးမောင် မောင်အေးက ပြောသည်။

Excellent Fortune Develop- ment Group ကုမ္ပဏီဒါရိုက်တာ ဦးစိုင်းမျိုးဝင်းနှင့် ဇနီးဖြစ်သူ ဒေါ်နန်းခင်မြင့်ရီတို့ ဇနီးမောင်နှံက ပဲ့စင်ကျွန်းအပါအဝင် လောင်းလုံးမြို့နယ်အတွင်းရှိ ကျွန်းနှင့် ကမ်းခြေ ၅ ခုကို မြေလွတ်၊ မြေလပ် လုပ်ပိုင်ခွင့်လျှောက်ထားခဲ့သည်။

၎င်းတို့နှစ်ဦးအမည်ဖြင့် တောကျဲ ကျေးရွာအုပ်စုရှိ ပဲ့စင်ကျွန်း၊ ကျောက်တွင်းကျေးရွာအုပ်စုရှိ (ဒေသအခေါ် ကျောက်တောင်ကြီး) တွင် ၁၃၈ ဧက၊ စမ်းလှမ်းကျေးရွာရှိ စမ်းလှမ်းကျွန်းပေါ် ၈ ဧကနီးပါး၊ ပညစ်ကျေးရွာအုပ်စုရှိ ပညစ်ကျွန်းပေါ် ၁၂ ဧကနီးပါးနှင့် ကျောက်တွင်းကျေးရွာအုပ်စု(ဒေသအခေါ် အလယ်သဲအော်) ၃၇၀ ဧကတို့ကို လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် အောက်ကျောက်ဝပ် ကျေးရွာအုပ်စု ဝမော်ကျွန်းပေါ်တွင် ၂ ဧက နှင့် ပညစ်ကျေးရွာရှိ (ချမ်းသာ ကျွန်း)တွင်လည်း မြေလွတ် မြေလပ် ၂ ဧကခွဲကိုလည်း လျှောက်ထားရန် ပြင် ဆင်နေသည်ဟုသိရကြောင်း မြေစာရင်း ဦးစီးဌာနထံမှ သိရသည်။

၎င်းတို့နှစ်ဦးက ကုမ္ပဏီအမည် အမျိုးမျိုးဖြင့် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

အထက်ပါ လျှောက်ထားမှုများ အနက် ပဲ့စင်ကျွန်းနှင့် စမ်းလှမ်းကျွန်းပေါ် ၈ ဧကနီးပါးအတွက် တိုင်းအစိုးရ၏ သဘောထားမှတ်ချက်များ ပေးထားပြီးဖြစ်ကြောင်း တိုင်းမြေစာရင်းဦးစီးမှူး ဦးမြင့်သိန်းက ပြောဆိုထားသည်။

ပဲ့စင်ကျွန်းအတွက် တိုင်းအစိုးရ၏သဘောထားမှတ်ချက်ကို ယခုလအတွင်း ပေးပို့ထားပြီး စမ်းလှမ်းကျွန်းအတွက် သဘောထားမှတ်ချက်ကို ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းက ပေးပို့ထားကြောင်း ၎င်းက ဆိုသည်။

Excellent Fortune Develop- ment Group ကုမ္ပဏီသည် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီနှင့် အစိုးရကို ငွေကြေးများစွာ လှူဒါန်းထားသည်။