ထီးခီးနယ်စပ်မှ ဝင်လာသူများကို လက်မခံတော့

0
1037

ကိုဗစ်ထိန်းချုပ်ရေးဟုဆိုကာ တရားမဝင်ပြန်တော်ပြန်လာသူများကို အရေးယူရေးကိစ္စပြည်ထောင်စု၏ အဖြေမရမမီ ဇွန်လ ၁၄ ရက်နေ့မှစကာ ထီးခီးနယ်စပ်ဂိတ်မှ ဝင်လာသူများကို လက်ခံမည်မဟုတ်တော့ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။


“အရေးယူမယ့်အပိုင်းကတော့ အစိုးရအဖွဲ့ကိုလည်း တင်ပြရမှာပေါ့နော်” ဟု ၎င်းကပြောသည်။


တရားမဝင်နယ်စပ်ဝင်ပေါက်မှဝင်လာပြီး မြန်မာနိုင်ငံအတွင်းရောက်နှင့်ပြီးသူများကို ပြန်လွှတ်/ မလွှတ်ကိုမူ တိုင်းအစိုးရအဖွဲ့ထံ တင်ပြရမည်ဖြစ်ကြောင်း ဦးအောင်စိုးမိုးက ဆိုသည်။


နေရပ်ပြန်များပြန်ဝင်လာသည့် အရေးကိစ္စနှင့် ပတ်သက်သည့် ညွှန်ကြားချက်များမှာ မရှင်းလင်းဘဲ ဝိဝါဒကွဲလွဲနေသည့်အတွက် ပြန်လည်တင်ပြထားကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောကြားသည်။


မေလ ၁ ရက်နေ့တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်နှင့် ဇွန်လ ၁၀ ရက်နေ့တွင် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ အသိပေးကြေညာချက်တို့က ဒွိဟဖြစ်နေသည့်အတွက် ရှင်းရှင်းလင်းလင်းဖြစ်စေရန် မေးမြန်းတင်ပြထားကြောင်း ၎င်းက ဆိုသည်။


လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးသည် တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အတွင်းရေးမှူးလည်းဖြစ်သည်။


ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ညွှန်ကြားစာတွင် နယ်စပ်ဂိတ်များမှ တရားဝင်/ တရားမဝင် ဝင်ရောက်လာသူများက နိုင်ငံသားများဖြစ်သည့်အတွက် စာရင်းကောက်ယူပြီး မိဘစိတ်ထားကာလက်ခံရမည်ဟု ဖော်ပြထားကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။


သို့ရာတွင် ဇွန်လ ၁၀ ရက်နေု့ထုတ် အမျိုးသားအဆင့်ဗဟိုကော်မတီ၏ အသိပေးကြေညာချက်တွင်မူ တရားမဝင်နယ်စပ်ဝင်ပေါက်မှ ဝင်ရောက်လာသူများနှင့် လက်ခံသူများကို တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။


“ဒီနှစ်ခု ကွဲလွဲနေတဲ့အပေါ်မှာ ကျွန်တော်တို့က ဘာကို မူဝါဒကွဲလွဲမှုမှာ ဝိဝါဒမကွဲအောင် ဘာလိုက်လုပ်ရင် ကောင်းမလဲဆိုတာ ဒီနေ့ပဲ ကျွန်တော်ကိုယ်တိုင် လက်မှတ်ထိုးပြီးတင်လိုက်တယ်၊ အဲဒီအဖြေတော့ ပြန်လာမှာပေါ့လေ” ဟု ဗိုလ်မှူးကြီးကျော်ဇေယျက ဇွန်လ ၁၂ ရက်နေ့တွင် ပြောသည်။


ကိုဗစ်ကပ်ဘေးမဖြစ်မီက ထိုင်းနိုင်ငံနှင့် ဆက်သွယ်ထားသည့် ထီးခီး၊ မောတောင်နှင့် ကော့သောင်းနယ်စပ်ဂိတ်များကို တရားဝင်ဂိတ်အဖြစ် သတ်မှတ်ထားသည်။


သို့ရာတွင် ကိုဗစ်ကပ်ဘေးဖြစ်လာချိန်၌ ကော့သောင်းနယ်စပ်ဂိတ်တစ်ခုကိုသာ တရားဝင်ဖြတ်သန်းခွင့်ပြုထားကြောင်း ၎င်းက ဆိုသည်။


လက်ရှိတွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား(တိုင်းအတွင်းနေသူအများစု)များက နီးစပ်ရာ နယ်စပ်ပေါက်များမှ ပြန်လည်ဝင်ရောက်နေဆဲ ဖြစ်သည်။


ပြန်ဝင်လာသည့် နေရပ်ပြန်များတွင် တရားမဝင်အလုပ်သွားလုပ်သူများလည်း ရှိသည့်အတွက် နယ်စပ်အထိဝင်လာပြီးမှ လက်မခံပါက ၎င်းတို့အတွက် အခက်အခဲဖြစ်သွားနိုင်ကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။


“ကိုယ့်တိုင်းသားပြန်ဝင်လာတာကို တရားမဝင်တော့ မှန်တယ်၊ သို့သော် လက်မခံဘူးဆိုရင် ပြန်ထွက်လို့လည်း အဆင်မပြေတော့ဘူး၊ ပြန်ထွက်ရင် ဟို(ထိုင်း) မှာ ထောင်ကျမှာပေါ့လေ” ဟု ၎င်းက ပြောသည်။


အမျိုးသားအဆင့်ဗဟိုကော်မတီ၏ အသိပေးကြေညာချက်တွင် တရားဝင်လက်ခံရေးစခန်းမရှိသော နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်လာသူများရှိသည့်အတွက် ကိုရိုနာရောဂါပိုး ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဟန့်အတားဖြစ်စေနိုင်သည့်အပြင် ရောဂါပြန့်ပွားမှုကိုလည်းဖြစ်စေနိုင်ကြောင်း ဖော်ပြထားသည်။