စစ်အာဏာရှင်တပ်သားတစ်ဦး တနင်္သာရီ မီးသတ်စခန်းတိုက်ပေါ်က ခုန်ချပြီးသေဆုံး
Dawei Watch
September 20, 2025တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအခြေစိုက် စစ်အာဏာရှင်၏ အမှတ် ၅၆၁ ခြေမြန်တပ်ရင်းက ကော့သောင်းဇာတိ တပ်သားတစ်ဦး မီးသတ်စခန်း သုံးထပ်အဆောင်ပေါ်မှ ခုန်ချပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာ ၁၈ရက် နံနက်စောစောတွင် ခမရ ၅၆၁ တပ်ရင်းအနီးရှိ ညောင်ပင်ကွင်းရွာ မီးသတ်ရုံး သုံးထပ်ဆောင်ပေါ်က ခုန်ချခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ကော့သောင်းသား (လို့) ပဲ သိရတယ်။ အလောင်းကိုတော့ သေတဲ့နေ့ စောစောကပဲ (စစ်အာဏာရှင်တပ်ဖွဲ့) သူတို့ လာကောက်ပြီး မြှုပ်လိုက်တယ်”ဟု ၎င်းက ပြောသည်။ အဆိုပါ စစ်အာဏာရှင်တပ်သား၏ အသက်အရွယ်နှင့် မည်သည့်အကြောင်းအရင်းကြောင့် ခုန်ချသေဆုံးသည်ကိုမူ မသိရကြောင်း ဒေသခံအချို့က ပြောဆိုသည်။ အဆိုပါမီးသတ်စခန်းမှာ ဘန်လော-ညောင်ပင်ကွင်းသွားသည့် လမ်းပေါ်တွင်တည်ရှိသည်။


