ပညာရေး ဈေးကြီးတယ်
Dawei Watch
June 13, 2023နှစ်ပေါင်း ၃၅ နှစ်အကြာ မြန်မာနိုင်ငံသားတွေ တစ်ကျော့ပြန်ကြုံတွေ့နေရတာက ငွေရှိမှ စာတတ်မယ့် အခြေအနေပင်။ ၁၉၈၈ ခုနှစ်ဝန်းကျင်က ပြည်သူတွေကြုံတွေခဲ့ရတဲ့ ငွေလမ်းခင်းလျှောက်ရတဲ့ ပညာရေးစနစ်ကို အခုပြန်လည် ကြုံတွေ့နေကြရပေပြီ။ တိုင်းပြည်မှာ ပဋိပက္ခတွေ၊ တိုက်ပွဲတွေကြောင့် ပြည်သူတွေအခက်အခဲ အကျပ်အတည်းမျိုးစုံ ကြုံတွေ့နေရပါတယ်။ ဒီလိုအခြေအနေကြားမှာ ကလေးတွေပညာသင်ကြားဖို့က ပိုမိုခက်ခဲလာနေပါတယ်။ ‘ဘူးလေးရာ ဖရုံဆင့်’ ဆိုသလို ကလေးတွေပညာသင်ကြားရေး ပိုမိုခက်ခဲလာစေတာကတော့ ပညာရေးအတွက် ငွေလမ်းခင်းလျှောက်ကြရမယ့် အခြေအနေ ဖြစ်လာတာပါ။ အခမဲ့ပညာရေးလို့ဆိုထားတဲ့ အခြေခံပညာကျောင်းတွေမှာ ဘယ်ကလာပြီး ပညာရေးကုန်ကျစရိတ် ရှိမှာလဲလို့မေးလာရင် “ကျူရှင်” ကစပြီးပြောရပါလိမ့်မယ်။ ဝန်ပိုလာတဲ့ ကျူရှင်စရိတ် အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေကုန်ဈေးနှုန်းနဲ့အတူ အပြိုင်မြင့်တက်လာတဲ့အထဲ ကျူရှင်ခလည်း ပါဝင်ပါတယ်။ “ကျောင်းသွားအပ်တာနဲ့ အတန်းပိုင်ဆရာမလားမသိဘူး။ ကျူရှင်တစ်ခါတည်း မအပ်ဘူးလားလို့ မေးတယ်။ မအပ်သေးဘူးပြောတော့ မျက်နှာက စူပုပ်သွားရော” […]


