ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

၂၀၂၆ ကမ္ဘာ့ဖလား ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

June 30, 2026

⚽ အိုင်ဗရီကို့စ် – နော်ဝေ

အိုင်ဗရီကို့စ်ဟာ တိုရေးညီနောင်၊ ဒရော့ဘာ စတဲ့ ကစားသမားတွေခေတ်တုန်းကလို မဟုတ်တော့ပါဘူး။ ပြီးခဲ့တဲ့ ၄ ပွဲမှာ ဘရာဇီး တစ်သင်းကလွဲပြီး ကျန်တဲ့ပရိသတ်ကြိုက်အသင်းတွေ ပြုတ်သွားခဲ့တော့ ဒီတစ်ကြိမ်ဟာ ပရိသတ်ကြိုက်အသင်းတွေ အစွမ်းပြမယ့်အလှည့်မျိုး ပြန်ဖြစ်လာဖို့ ရှိနေပါတယ်။ နော်ဝေဟာ အခုမျိုးဆက်တွေရဲ့ခေတ်ထဲမှာ တစ်ခုခု လုပ်ပြလိမ့်မယ်လို့ ယူဆမိပါတယ်။ ဒီပွဲမှာ အနိုင်ရတဲ့အသင်းက ရှေ့လာမယ့် ၁၆ သင်းအဆင့်မှာ ဘရာဇီးကို ရင်ဆိုင်ရပါလိမ့်မယ်။ အိုင်ဗရီကို့စ်က အသင်းလိုက်ကစားအား အရမ်းကောင်းသလို နော်ဝေကလည်း ပွဲအလှည့်အအပြောင်း ဖန်တီးနိုင်စွမ်းမြင့်မားတဲ့ကစားသမားတွေကို ပိုင်ဆိုင်ထားပါတယ်။ အကြိတ်အနယ် အားပြိုင်ပြီး နော်ဝေ ကပ်နိုင်သွားပါလိမ့်မယ်။

⚽ ပြင်သစ် – ဆွီဒင်

အခုမတိုင်ခင် အသင်းကြီးတချို့ ခြေချော်ခဲ့တာက ပြင်သစ်အတွက် သတိပေးသံ ဖြစ်နေပါလိမ့်မယ်။ ဆွီဒင်ဘက်က ယိုကရက်စ် ကို ပြင်သစ်ခံစစ်မှူးတွေ တည်တည်ငြိမ်ငြိမ် ထိန်းချုပ်နိုင်ခဲ့ရင် ဒီပွဲကို ပြင်သစ် မနိုင်စရာ ဘာအကြောင်းမှ ရှိမနေပါဘူး။ ဆွီဒင်ဟာ တန်ပြန်တိုက်စစ်တွဲလုံးတွေကို အားပြုပြီးတော့ပဲ ဒီပွဲကို ကစားသွားပါလိမ့်မယ်။ ပြင်သစ်ရဲ့ကစားသမားအစုအဖွဲ့က ဆွီဒင်ထက် နှာတစ်ဖျားသာရုံတင်မကဘဲ ခေါင်းတစ်လုံးလောက် ပိုမြင့်ပါတယ်။ ပြင်သစ်ပဲ အနိုင်ရသွားပါလိမ့်မယ်။

⚽ မက္ကဆီကို – အီကွေဒေါ

အီကွေဒေါဟာ ဂျာမနီကို နိုင်ခဲ့တယ်ဆိုတာကလွဲရင် ကစားပုံက သိပ်မစွံလှပါဘူး။ တစ်နေရာချင်းအလိုက် လိုအပ်ချက်ကွက်လပ်တွေက များလွန်းလှပါတယ်။ အိမ်ရှင်အသင်းတွေထဲမှာ ကနေဒါက နောက်တစ်ဆင့်တက်ပြီးပြီမို့ မက္ကဆီကိုလည်း မလျှော့တဲ့ဇွဲနဲ့ ကြိုးစားပြပါလိမ့်မယ်။ မက္ကဆီကိုက ကစားပုံ တည်ငြိမ်လွန်းလှသလို အမှားလည်း နည်းပါတယ်။ အီကွေဒေါရဲ့တိုက်စစ်ကို မက္ကဆီကိုက တည်တည်ငြိမ်ငြိမ်ပဲ ဟန့်တားသွားမှာပါ။ ဒီပွဲက မက္ကဆီကို အနိုင်ရသွားမယ့်ပွဲပါပဲ။ မက္ကဆီကိုပဲ ၁၆ သင်းအဆင့်ဆီ တက်လှမ်းရောက်ရှိသွားပါလိမ့်မယ်။

⚽ အင်္ဂလန် – ဒီအာရ်ကွန်ဂို

ဒီအာရ်ကွန်ဂို က အားရစရာ မကောင်းလှပါဘူး။ သူတို့အတွက် ဒီအနေအထား ဒီအဆင့်လောက်ဆီကို ရောက်လာတယ်ဆိုတာက အတိုင်းထက်အလွန်တွေ၊ အကန့်အသတ်မဲ့တွေ ဖြစ်သွားပါပြီ။ ဒီတော့ အခုပွဲစဉ်ဟာ ဒီအာရ်ကွန်ဂို အိမ်ပြန်ရမယ့်ပွဲပါပဲ။ ဟယ်ရီကိန်း ဂိုးပေါက် ပြန်တွေ့တယ်၊ အသင်းလိုက် စုစည်းအား ကောင်းမွန်နေတယ်၊ တစ်နေရာချင်းအလိုက် ထိပ်တန်းအဆင့်ကစားသမားတွေ ရှိနေတယ် စသဖြင့် အင်္ဂလန် ဘုန်းတော်ဘွဲ့တွေကို ရေရွတ်မဆုံးနိုင်အောင် ရှိလှပါတယ်။ ဒီပွဲက အင်္ဂလန် အစွမ်းပြမယ့်ပွဲပါပဲ။ အင်္ဂလန်ရဲ့အနိုင်ရလဒ်ဟာ အနိမ့်ဆုံးအဖြစ် နှစ်ဂိုးပြတ်ပါလိမ့်မယ်။