မွန်ပြည်နယ်ရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ ကုန်ထုတ်စခန်းအသီးသီးက အကျဉ်းသား၊ အကျဉ်းသူ ၉၂ ဦးကို လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်ကြောင်း ပြည်နယ်အကျဉ်းဦးစီးဌာနထံမှ သိရသည်။
ယနေ့ ဧပြီလ ၃၀ ရက်တွင် ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် နိုင်ငံတဝန်းရှိ အကျဉ်းသား၊ အကျဉ်းသူ ၁၅၀၈ ဦးကို စစ်အစိုးရက လွတ်ငြိမ်းခွင့်ပြုခဲ့သည်။ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ယခုကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဆိုသည့် ကန့်သတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
မွန်တွင် ကျိုက်မရောဗဟိုအကျဉ်းထောင်က အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၅ ဦး၊ မော်လမြိုင် အကျဉ်းထောင်က အမျိုးသား ၁၇ ဦး၊ အမျိုသမီး ၆ ဦး၊ သထုံအကျဉ်းထောင်က အမျိုးသား ၈ ဦး လွတ်မြောက်ကြောင်း ြည်နယ်အကျဉ်းဦးစီးဌာနထံမှ သိရသည်။
ယင်းအပြင် အင်္ဂဘိုရော်ဘာစခန်းက အမျိုးသား ၈ဦး၊ ဇင်းကျိုက်ကုန်ထုတ်စခန်းက အမျိုးသား ၉ ဦး၊ ရင်းငြိမ် ကုန်ထုတ် စခန်းက အမျိုးသား ၁ဦး၊ အင်းဗြောင်ကုန်ထုတ်စခန်းက အမျိုးသား ၄ ဦး၊ တောင်စွန်းကုန်ထုတ်စခန်းက အမျိုးသား ၆ ဦး၊ မုပ္ပလင်ကုန်ထုတ်စခန်းက အမျိုးသား ၆ဦးနှင့် အမျိုးသမီး ၉ ဦးတို့လည်း လွတ်မြောက်ကြောင်း အဆိုပါဌာနထံမှ သိရသည်။
ပြန်လွတ်လာသည့် အကျဉ်းသား၊ အကျဉ်းသူ ၉၂ ဦးတွင် နိုင်ငံရေးအကျဉ်းသား ပါဝင်မှုမရှိဟု ကနဦး သိရကြောင်း နိုင်ငံရေးအကျဉ်းသားများကို အကူအညီပေးနေသူတစ်ဦးက ပြောသည်။
“ဒီတစ်ခေါက် ပြန်လွှတ်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား မပါဘူးလို့တော့ သိရတယ်” ဟု ၎င်းက ပြောဆိုသည်။
ယနေ့ လွတ်ငြိမ်းခွင့်ပြုရာတွင် ယခုနှစ် ဧပြီလ ၃၀ ရက် မတိုင်မီ ပြစ်မှုတစ်ခုခုဖြင့် အကျဉ်းကျနေသူများကို ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံ လျှော့ပေါ့ခွင့်ပြုကြောင်း စစ်အစိုးရက ကြေညာထားသည်။
ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့ကလည်း မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ ၁၃၉ ဦးကို လွတ်ငြိမ်းခွင့်ပြုခဲ့သည်။







