ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့အနီး မက္ကသာကျေးရွာရှိ သတ္တုမိုင်းတွင်းနေရာကို စစ်အာဏာရှင်တပ်က ဧပြီလ ၂၉ ရက်တွင် လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်မှစ၍ မက္ကသာသတ္တုမိုင်းတွင်းနေရာကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ၆ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သတ္တုမိုင်းတွင်းတွင် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အပါအဝင် သတ္တုမိုင်းတွင်းလုပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ကနဦးသိရပြီး အသေးစိတ်ကိုမူ မသိရှိရသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မနေ့က ညနေပိုင်းလောက်မှာ သတ္တုမိုင်းတွင်းနေရာကို လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ လူထိတာရှိတယ်။ သေဆုံးတာလည်း ရှိတယ်လို့ ပြောပေမဲ့ အသေးစိတ်တော့ မသိရသေးဘူး။ လေယာဉ်နဲ့ ဗုံးကြဲလို့ မိုင်းတွင်းကလူတွေလည်း ဘုရားသုံးဆူကို ပြေးလာကြတယ်။ ညကလည်း လေယာဉ်လှည့်နေတယ်” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ဆိုသည်။
လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သတ္တုမိုင်း အဆောက်အအုံများလည်း ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၆ ရက် နံနက်အစောပိုင်းကလည်း မက္ကသာကျေးရွာဝန်းကျင်နှင့် အနီးရှိ သတ္တုမိုင်းတွင်းနေရာများကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သတ္တုမိုင်း အဆောက်အအုံများ ထိခိုက်ပျက်စီးမှု ရှိခဲ့သော်လည်း လူထိခိုက်သေဆုံးမှု မရှိခဲ့ပေ။
၂၀၂၂ ခုနှစ်ကလည်း မက္ကသာကျေးရွာအနီးရှိ သတ္တုမိုင်းလုပ်ကွက်နေရာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မိုင်းလုပ်ကွက်ရှိ တရုတ်နိုင်ငံသားများအပါအဝင် မိုင်းလုပ်သားအချို့ ထိခိုက်သေဆုံးမှု ရှိခဲ့ဖူးသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းရှိ မက္ကသာ သတ္တုမိုင်းလုပ်ကွက်များသည် ယခင်အစိုးရလက်ထက်ကတည်းက ခွင့်ပြုမိန့်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်ပြီး ထိုင်း၊ တရုတ်တို့နှင့် ဆက်စပ်ကုမ္ပဏီများလည်း လုပ်ကိုင်နေကြောင်း သိရသည်။
စစ်အစိုးရသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်းရှိ အရပ်သားပြည်သူများ နေထိုင်ရာနေရာများကို လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသဖြင့် လူထိခိုက်သေဆုံးမှုနှင့် နေအိမ်အဆောက်အအုံ ပျက်စီးမှုများရှိနေသည်။







