ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကမ္ဘာ့စစ်ရေးကို ပြောင်းလဲပစ်လိုက်တဲ့ တန်ဖိုးနည်းဒရုန်းတွေ

June 29, 2026

ဈေးပေါပေါနဲ့ အမြောက်အမြားထုတ်ထားတဲ့ တန်ဖိုးနည်းဒရုန်းတွေဟာ စစ်ပွဲတွေရဲ့ မျက်နှာစာကို အပြီးတိုင် ပြောင်းလဲပစ်လိုက်ပါပြီ။

ဒီဒရုန်းတွေသာ မရှိရင် ရုရှားရဲ့ လူအင်အား ၊ လက်နက်အင်အား အပြတ်အသတ်သာလွန်မှုက ယူကရိန်းကို အမှုန့်ကြိတ်ခြေမွပစ်နေလောက်ပါပြီ။

ဒီဒရုန်းတွေသာမရှိရင် ဟူသီတွေဆိုတာ ယီမင်က ဟိုစပ်စပ်ဒီစပ်စပ် လက်နက်ကိုင်အဖွဲ့အဆင့်ပဲ ရှိမှာပါ။ ကမ္ဘာ့ရေကြောင်းကုန်သွယ်မှုကို ဒုက္ခပေးနိုင်တဲ့ အင်အားစုတစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူး။

ဒါတွေသာ မရှိရင် စီးပွားရေးပိတ်ဆို့ခံထားရပြီး အပယ်ခံဖြစ်နေတဲ့ အီရန်က ကမ္ဘာ့သမိုင်းမှာ အင်အားအကြီးဆုံးစစ်တပ်ကို အခုလောက်အထိ အထိနာအောင် လုပ်နိုင်မှာ မဟုတ်ဘူး။

ဒါက အရေးကြီးပါတယ်။ အခုချိန်မှာ စစ်တပ်အင်အားကြီးတာတစ်ခုတည်းနဲ့ အနိုင်ရဖို့ အာမမခံနိုင်တော့လို့ပါပဲ။

အခုချိန်မှာ ပိုက်ဆံရှိပြီး ဈေးကွက်ထဲက စက်ပစ္စည်းအစိတ်အပိုင်းတွေကို လက်လှမ်းမီတဲ့ ဘယ်နိုင်ငံမဆို ၊ ဘယ်လက်ဝေခံလက်နက်ကိုင်အဖွဲ့မဆို ၊ ဘယ်သူပုန်အဖွဲ့မဆို စူပါပါဝါတစ်ခုကို သွေးထွက်သံယို ဖြစ်အောင် လုပ်နိုင်ပါတယ်။

အချိန်အများကြီးကြာပြီး အကုန်အကျများများနဲ့ ပြတ်ပြတ်သားသား ရလဒ်မထွက်နိုင်ဘဲ သွေးထွက်သံယိုဖြစ်အောင် လုပ်နိုင်တာမျိုးပါ။

အဓိကသတင်းဖြစ်လာတာကတော့ ဒေါ်လာ နှစ်သောင်းနဲ့ ငါးသောင်းကြားပဲ တန်တယ်လို့ပြောကြတဲ့ အီရန်ရဲ့ ရှာဟက် (Shahed) ဒရုန်းဟာ အီရန်အဖို့ ရန်သူနဲ့ အင်အားချင်းထိန်းညှိပေးတဲ့ လက်နက်ဖြစ်လာတာပါပဲ။

အမေရိကန်နဲ့ သူ့မဟာမိတ်တွေအဖို့ အဲဒီရှာဟက်ဒရုန်းတွေကို တုံ့ပြန်ဖို့ ဒေါ်လာသန်းချီတန်တဲ့ ကြားဖြတ်ပစ်ဒုံးကျည်တွေ သုံးလာရပါတယ်။

အီရန်စစ်ပွဲ ပထမအပတ်မှာတင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေနဲ့ မဟာမိတ်ပစ်မှတ်တွေကို အီရန်က ဒရုန်းအစင်းရေ ၂၀၀၀ နီးပါး ပစ်ခတ်ခဲ့ပါတယ်။

ပင်လယ်ကွေ့ဒေသတစ်ခွင်က လေဆိပ်တွေ၊ ကြယ်ငါးပွင့်ဟိုတယ်တွေနဲ့ ရေနံအခြေခံအဆောက်အအုံတွေကို ဝင်တိုက်ပစ်ခဲ့ပါတယ်။

မတ်လ ၁ ရက်နေ့တုန်းက အီရန်ဒရုန်းတစ်စင်းဟာ ကူဝိတ်နိုင်ငံက လေကြောင်းရန်ကာကွယ်ရေး စနစ်တွေကို ကျော်ဖြတ်ပြီး စစ်ဆင်ရေးဌာနတစ်ခုကို ဝင်တိုက်ခဲ့လို့ အမေရိကန်စစ်သည် ခြောက်ဦး သေဆုံးခဲ့ရပါတယ်။

“အခြေခံအားဖြင့် ကျွန်တော်တို့မှာ ဒရုန်းတွေကို နှိမ်နင်းနိုင်တဲ့စွမ်းရည် မရှိခဲ့ဘူး” လို့ သတင်းရင်းမြစ်တစ်ခုက CBS News သတင်းဌာနကို ပြောပါတယ်။

ကန့်လန့်ကာနောက်ကွယ်ကို ကြည့်ရင် ရှာဟက်ဒရုန်းဟာ အီရန်စစ်ပွဲမဖြစ်ခင်ကတည်းက စစ်မြေပြင်မှာ အစမ်းသပ်ခံပြီးသား ဖြစ်ပါတယ်။

ရုရှားဟာ ရှာဟက်ဒရုန်းထောင်ပေါင်းများစွာကို သူ့နိုင်ငံထဲကို တင်သွင်းခဲ့ပြီး ဂက်ရန်း(Geran) လို့ ခေါ်တဲ့ ရုရှားကိုယ်ပိုင်ဗားရှင်းတွေ အမြောက်အမြားထုတ်ဖို့ စက်ရုံတစ်ရုံလုံး တည်ဆောက်ခဲ့ပါတယ်။ နောက်တော့ အဲဒီရုရှားကိုယ်ပိုင်ဗားရှင်းဒရုန်းတွေဟာ ယူကရိန်းမြို့ကြီးတွေအဖို့ ညတိုင်းထိတ်လန့်စရာ ဖြစ်လာခဲ့ပါတယ်။

အီရန်ကျောထောက်နောက်ခံပြု ယီမင်ဟူသီတွေဟာလည်း သူတို့ကိုယ်ပိုင်ဗားရှင်းဖြစ်တဲ့ ဝိုက်ဒ် (Waid) ဒရုန်းတွေကို ဖြန့်ကျက်ပြီး ပင်လယ်နီရေကြောင်းကုန်သွယ်ရေးကို နှစ်နှစ်ကြာအောင် ရပ်တန့်သွားစေခဲ့တဲ့ တိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့တယ်။

အမေရိကန်ကိုယ်တိုင်တောင် အဲဒီအီရန်ရှာဟက်ဒရုန်းကို ပုံစံတူပြန်ထုတ်ပြီး လူကပ်စ် (LUCAS) လို့ နာမည်ပေးထားတဲ့ သူ့ကိုယ်ပိုင်ဗားရှင်းကို ထုတ်လုပ်ပြီး အခုဆိုရင် အီရန်ဘက်ကို ပြန်လည်ပစ်ခတ်တိုက်ခိုက်နေပါပြီ။

“ကျွန်တော်တို့ အဲဒါကို သိမ်းဆည်းရမိတော့ အတွင်းပစ္စည်းတွေကို အကုန်ထုတ်၊ အမေရိကန်ကို ပြန်ပို့ပြီး ‘Made in America’ ဆိုတဲ့ တံဆိပ်လေးကပ်၊ ပြီးမှ ဒီကို ပြန်သယ်လာပြီး အီရန်တွေကို ပြန်ပစ်နေတာ” လို့ အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ဒ်ကူးပါးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒီဒရုန်းတွေဟာ “မရှိမဖြစ်ပဲ” လို့ ကူးပါးက အလေးအနက်ပြောခဲ့ပါတယ်။

ခြုံငုံကြည့်ရင်တော့ လွန်ခဲ့တဲ့ လေးနှစ်လုံးလုံး ရုရှားဗားရှင်းရှာဟက်ဒရုန်းတွေရန်ကနေ အသက်လုခုခံခဲ့ရတဲ့ ယူကရိန်းဟာ အခုဆိုရင် အဲဒီဒရုန်းတွေကို ဘယ်လိုဟန့်တားရမလဲဆိုတာနဲ့ ပတ်သက်ပြီး ကမ္ဘာပေါ်မှာ ရှေ့တန်းအရောက်ဆုံး ၊ အကျွမ်းကျင်ဆုံး နိုင်ငံဖြစ်နေပါပြီ။

ယူကရိန်းအာဏာပိုင်တွေဟာ အီရန်စစ်ပွဲမစတင်ခင် ရှစ်လအလိုကတည်းက သူတို့ရဲ့ ဒရုန်းရန်ကာကွယ်ရေးနည်းပညာကို အမေရိကန်အစိုးရဆီ ကမ်းလှမ်းခဲ့ဖူးတယ်ဆိုတာကို Axios သတင်းဌာနက ပထမဦးဆုံးဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ တရမ့်အစိုးရအဖွဲ့က အဲဒီကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။

အီရန်စစ်ပွဲလည်းစရော အမေရိကန်ဟာ သူ့ဆုံးဖြတ်ချက်ကို ချက်ချင်းပြန်ပြောင်းခဲ့ပါတယ်။

အခုဆိုရင် အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့တွေကို လေ့ကျင့်သင်တန်းပေးဖို့ ယူကရိန်းက ကျွမ်းကျင်ပညာရှင်တွေကို ပင်လယ်ကွေ့ဒေသဆီ စေလွှတ်ထားပြီး ဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန်ဟာ အရေးပေါ်အခြေအနေအရ မီရော့စ် (Merops) ကြားဖြတ်ဖျက်ဆီးရေးဒရုန်း အစင်းရေ ၁ သောင်းကို အရှေ့အလယ်ပိုင်းဆီ အမြန်ဆုံးပို့ဆောင်ခဲ့တယ်လို့ အမေရိကန်ကြည်းတပ်ဝန်ကြီး ဒန်ဒရစ်စကောလ်က ပြောပါတယ်။

ယူကရိန်းစစ်မြေပြင်မှာ စမ်းသပ်အောင်မြင်ထားတဲ့ အဲဒီ AI စနစ်သုံး ကြားဖြတ်ဖျက်ဆီးရေး ဒရုန်းတွေဟာ တစ်စင်းကို ဒေါ်လာ တစ်သောင်းလေးထောင်ဝန်းကျင်ပဲ ကုန်ကျပါတယ်။ အဲဒီဒရုန်းတွေဟာ သူတို့ပစ်ချရမယ့် ရှာဟက်ဒရုန်းတွေထက်တောင် စျေးသက်သာပါသေးတယ်။

အီရန်ဒရုန်းတွေရဲ့ တိုက်ခိုက်မှုတွေဟာ အဆိုးရွားဆုံးအချိန်ကထက်စာရင် အခုဆိုရင် ၉၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီလို့ အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။

အဓိကအရေးကြီးတဲ့အချက်တစ်ချက်ကတော့ ဒီစျေးပေါတဲ့ ဒရုန်းတွေဆိုတာဟာ အစပျိုးရုံပဲရှိသေးတယ်လို့ ကာကွယ်ရေးနည်းပညာကုမ္ပဏီ UForce ရဲ့ စီအီးအို အိုလက်ဂ်ရိုဂျင်စကီးက Axios သတင်းဌာနကို ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ခေတ် စစ်မြေပြင်မှာဆိုရင် ကုန်သွယ်ရေးရေကြောင်းလမ်းတွေကို ပိတ်ဆို့တဲ့ ရေပြင်သုံးဒရုန်းတွေ၊ မြေပြင်ပစ်မှတ်တွေနဲ့ လေယာဉ်တွေကိုပါ လိုက်လံရှာဖွေတိုက်ခိုက်နေတဲ့ ဝေဟင်သုံးဒရုန်းတွေ ၊ ကတုတ်ကျင်းတွေကို ဝင်ရောက်စီးနင်းနေတဲ့ မြေပြင်သုံးရိုဘော့တွေကို တွေ့မြင်နေရပြီဖြစ်ပါတယ်။ ဒါတွေအားလုံးကို AI နဲ့ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ကာကွယ်ရေးနည်းပညာကုမ္ပဏီ UForce ရဲ့ စီအီးအို အိုလက်ဂ်ရိုဂျင်စကီးက အခုလို ပြောပါတယ်။

“ကျွန်တော်တို့ဟာ Terminator ရုပ်ရှင်ထဲကလို အလိုအလျောက်စနစ်တွေက လူသားအုပ်စုလိုက်ကြီးကို အပြတ်အသတ် အနိုင်ယူလာတော့မယ့် ကနဦးအဆင့်ထဲကို ရောက်နေကြပြီ”

(Axios က မတ်လ ၁၅ ရက်နေ့တွင် ဖော်ပြထားသည့် Cheap drones transform global battlefield ဆောင်းပါးကို ဘာသာပြန်သည်)