အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးပြီး ဟော်မုဇ်ရေလက်ကြားအတွင်း ဖြတ်သန်းသွားလာမှုအပေါ် ကန့်သတ်ချက်များကို ရုတ်သိမ်းရန် အမေရိကန်နှင့် အီရန်အကြား မေလ ၂၈ ရက်နေ့တွင် သဘောတူညီမှုရရှိခဲ့သည်ဟု သတင်းအရင်းအမြစ်များက ပြောကြားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
ယင်းနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နောက်ဆုံးအတည်ပြုရန် ကျန်ရှိနေသေးပြီး အီရန်ဘက်ကလည်း ယင်းသဘောတူညီချက်ကို အပြီးသတ်အတည်မပြုရသေးကြောင်း အီရန်အစိုးရပိုင်မီဒီယာက ဖော်ပြသည်။
နီးစပ်သူသတင်းအရင်းအမြစ်လေးခု၏ ပြောကြားချက်အရ ယင်းသဘောတူညီချက်သည် ယာယီအပစ်ရပ်စဲမှုကို နောက်ထပ် ရက်ပေါင်း ၆၀ သက်တမ်းတိုးမည်ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
အီရန်၏ အဏုမြူစီမံကိန်းကိစ္စရပ်ကဲ့သို့ ခက်ခဲသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနေစဉ်အတွင်း ကုန်သွယ်ရေးသင်္ဘောများကို ဟော်မုဇ်ရေလက်ကြားအတွင်း လွတ်လပ်စွာ သွားလာခွင့် ပြုထားမည်ဖြစ်ကြောင်း သိရသည်။
ဝါရှင်တန်နှင့် တီဟီရန်ရှိ အစိုးရခေါင်းဆောင်များက အပြီးသတ်အတည်ပြုခဲ့ပါက ယင်းသဘောတူညီချက်သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ငြိမ်းချမ်းရေးဆီသို့ ဦးတည်သည့် အကြီးမားဆုံးသော ခြေလှမ်းတစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။
ဧပြီလဆန်းပိုင်းတွင် အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်နှင့် အီရန်အကြား အပြန်အလှန်လက်တုံ့ပြန်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါ သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အဆိုပါသဘောတူညီချက်ကို အတည်ပြုခြင်း မရှိသေးကြောင်း သတင်းအရင်းအမြစ်များက ပြောကြားသည်။
Axios သတင်းဌာနက ပထမဆုံး ဖော်ပြခဲ့သည့် အဆိုပါ အဆိုပြုထားသော သဘောတူညီချက် သတင်းနှင့်ပတ်သက်၍ အီရန်အစိုးရဘက်က တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
Source: Reuters







