ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းအစိုးရက မြန်မာ ၁၀၀ ကျော်ကို ‌ကော့သောင်းဘက် ပြန်ပို့

May 29, 2026

ဓာတ်ပုံ - ပေးပို့

ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ယနေ့ မေလ ၂၉ ရက်တွင် ကော့သောင်းမြို့သို့ ပြန်ပို့လိုက်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သူထံမှ သိရသည်။

ယခုပို့ဆောင်မှုသည် မေလအတွင်း ဒုတိယအကြိမ်မြောက်ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၉၁ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၁၀၈ ဦးနှင့်အတူ ကလေးငယ် ၃ ဦးကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် မြန်မာစစ်အစိုးရထံသို့ ပြန်လွှဲပြောင်းလိုက်ခြင်းဖြစ်သည်။

ယခု ပြန်ပို့မှုသည် ၂၀၂၆ ခုနှစ်အတွင်း ကိုးကြိမ်မြောက်ဖြစ်ပြီး စစ်အစိုးရထံသို့ ပြန်လည်လွှဲပြောင်းခံရသူ မြန်မာနိုင်ငံသား ၇၆၅ ဦး အထိရှိလာပြီဖြစ်သည်။

ဇန်နဝါရီလတွင် နှစ်ကြိမ် မြန်မာနိုင်ငံသား ၁၆၈ ဦးနှင့် ဖေဖော်ဝါရီလတွင် နှစ်ကြိမ် ၁၂၈ ဦး၊ မတ်လတွင် နှစ်ကြိမ် ၁၉၃ ဦး၊ ဧပြီလတွင် ၇၈ ဦး၊ မေလတွင် နှစ်ကြိမ် ၁၉၈ ဦး နေရပ်ပြန်ပို့ပြီးဖြစ်သည်။

ပြီးခဲ့သော ၂၀၂၅ ခုနှစ်အတွင်း ရနောင်းမှ ကော့သောင်းသို့ ပြန်ပို့ခံရ ၁၆ ကြိမ်ရှိခဲ့ပြီး စုစုပေါင်း ၂၀၇၂ ဦးအထိ ရှိခဲ့သည်။

၂၀၂၄ ခုနှစ်တွင်မူ ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြန်လွှဲပြောင်းမှုအကြိမ်ရေ စုစုပေါင်း ၁၄ ကြိမ်ရှိပြီး မြန်မာနိုင်ငံသား ၂၀၀၅ ဦးကို လွှဲပြောင်းခဲ့သည်။

ထိုင်းနိုင်ငံဘက်မှ ကော့သောင်းဘက်သို့ ပြန်ပို့လာသူများကို စစ်အာဏာရှင်တပ်က အဓမ္မစစ်မှုထမ်းစုဆောင်းမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း စစ်မှုထမ်းစုဆောင်းခံရရာမှ ထွက်ပြေးလွတ်မြောက်လာသူများနှင့်ကော့သောင်း ဒေသခံများထံမှ သိရသည်။

နေရပ်ပြန်ပို့ခံရသော မြန်မာလူငယ်အများစု စစ်မှုထမ်း စုဆောင်းခံနေရသဖြင့် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများက မြန်မာလူငယ်များကို အတင်းအဓမ္မ နေရပ်ပြန်ပို့ခြင်း မပြုလုပ်ရန် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ — ASEAN Parliamentarians for Human Rights (APHR) က မေလ ၂၅ ရက်နေ့က ထုတ်ပြန်တောင်းဆိုထားသည်။