မွန်ပြည်နယ်၊ ရေးမြို့နယ် ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင် စစ်အစိုးရယန္တရားအောက်ရှိ ဝန်ထမ်းလေးဦးကို လက်နက်ကိုင်အဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်ဦး ပြန်လည်လွတ်မြောက်လာကြောင်း ဝန်ထမ်းများနှင့် နီးစပ်သူများထံမှ သိရသည်။
ရေးမြို့နယ်၊ ခေါဇာမြို့ စိုက်ပျိုးရေးတာဝန်ခံ ဦးကျော်သူဆိုသူသည် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်က ရေး-သံဖြူဇရပ်လမ်းပိုင်း နှစ်ကရင်ကျေးရွာအနီးတွင် လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်။
အလားတူ ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်ကလည်း ရေးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအနီး ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် ရေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရုံးစာရေးကြီး ဒေါ်တင်ဝင်းအပါအဝင် ဝန်ထမ်းသုံးဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
“စိုက်ပျိုးရေးတာဝန်ခံကတော့ ပြန်လွတ်လာပြီလို့ ကြားတယ်။ ထွေအုပ်ဝန်ထမ်းတွေကတော့ မလွတ်လာသေးဘူး။ အဆက်အသွယ်လည်း မရဘူး။ ဖမ်းသွားတာက အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ အဖွဲ့တွေပဲ ဖြစ်မှာပါ” ဟု ဝန်ထမ်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသည့် ဝန်ထမ်းများအနက် စိုက်ပျိုးရေးတာဝန်ခံ ဦးကျော်သူမှာ ဧပြီ ၂၄ ရက်တွင် ပြန်လည်လွတ်မြောက်လာသော်လည်း ကျန်ထွေအုပ်ဝန်ထမ်းများမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘဲ အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရသည်။
ဝန်ထမ်းများ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့အချို့ကို ဆက်သွယ်မေးမြန်းသော်လည်း လက်ရှိအချိန်အထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ဝန်ထမ်းများ ဖမ်းဆီးခံရပြီးနောက် ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် ခရီးမသွားလာကြရန် စစ်အစိုးရက ဝန်ထမ်းများကို ညွှန်ကြားထားကြောင်းသိရသည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲကာလကလည်း သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအနီး ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် ကျောင်းဆရာမလေးဦးကို ဒေသတွင်း လှုပ်ရှားနေသည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) ပူးပေါင်းတပ်ဖွဲ့တို့က ဖမ်းဆီးခဲ့သေးသည်။
ရေး-သံဖြူဇရပ်ကားလမ်းပိုင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က စိုးမိုးထိန်းချုပ်ထားပြီး ဖြတ်သန်းသွားလာသည့် ဝန်ထမ်းများကို မကြာခဏ ဖမ်းဆီးထိန်းသိမ်းလေ့ရှိကာ ခံဝန်ဖြင့် ပြန်လွှတ်လေ့ရှိသည်။







