ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးထွက်သူ ပိုများသော်လည်း အောင်ချက်ကျ

June 28, 2026

ယခု ၂၀၂၅-၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယနေ့ ဇွန်လ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ရာ တနင်္သာရီတိုင်း၌ အောင်ချက်ရာခိုင်နှုန်း ကျဆင်းလာသည်ကို တွေ့ရသော်လည်း ဂုဏ်ထူးရရှိသူ ပိုမိုများပြားလာကြောင်းတွေ့ရသည်။

ယင်းပညာသင်နှစ်တွင် တနင်္သာရီတိုင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ခြောက်ထောင်ဝန်းကျင် (၅,၉၉၁ ဦး)ရှိသည့်အနက် အောင်မြင်သူ နှစ်ထောင်ခုနစ်ရာကျော် (၂,၇၆၄ ဦး) ရှိပြီး အောင်ချက်ရာခိုင်နှုန်းအားဖြင့် ၄၆ ဒဿမ ၁၄ ရာခိုင်နှုန်း ရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်သည်။

ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် တိုင်းနှင့်ပြည်နယ် ၁၉ ခုအနက် တနင်္သာရီတိုင်းသည် အဆင့် ၁၄ တွင် ရှိနေပြီး တနင်္သာရီတိုင်းအောက်တွင် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ချင်းပြည်နယ်တို့သာ ကျန်ရှိတော့သည်။

ပြီးခဲ့သည့် ၂၀၂၄-၂၅ ပညာသင်နှစ်ကမူ တနင်္သာရီတိုင်း၌ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ လေးထောင်ငါးရာကျော် (၄,၅၄၁ ဦး)အနက် နှစ်ထောင်နှစ်ရာကျော် (၂,၂၉၇ ဦး) အောင်မြင်ခဲ့ပြီး၊ အောင်ချက်ရာခိုင်နှုန်း ၅၀ ဒဿမ ၅၈ ရာခိုင်နှုန်းဖြင့် တိုင်းနှင့်ပြည်နယ်အလိုက် အဆင့် ၅ ချိတ်ခဲ့သည်။

ကျောင်းသူ၊ ကျောင်းသားများ တစ်ဦးချင်းအလိုက် ဂုဏ်ထူးရရှိမှုတွင်မူ ယခုနှစ်၌ ပိုမိုများပြားလာသည်ကို တွေ့ရသည်။ ယခုနှစ်တွင် တစ်ဘာသာ ဂုဏ်ထူးရှင် ၃၇၆ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၁၃၃ ဦး၊ သုံးဘာသာ ၇၂ ဦး၊ လေးဘာသာ ၆၄ ဦး၊ ငါးဘာသာ ၁၈ ဦးနှင့် ဘာသာစုံဂုဏ်ထူးရှင် တစ်ဦး စုစုပေါင်း ၆၆၄ ဦး ရှိသည်။

ပြီးခဲ့သည့်နှစ်ကမူ တစ်ဘာသာ ဂုဏ်ထူးရှင် ၂၀၃ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၄၈ ဦး၊ သုံးဘာသာ ၃၂ ဦး၊ လေးဘာသာ ၂၁ ဦး၊ ငါးဘာသာ ၁၆ ဦးနှင့် ဘာသာစုံ ဂုဏ်ထူးရှင် ၉ ဦး စုစုပေါင်း ၃၂၉ ဦးသာ ရှိခဲ့သည်။

ယခုနှစ် တစ်နိုင်ငံလုံးအတိုင်းအတာအရ ဝိပ္ပံဘာသာတွဲ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ) တွင် မြိတ်မြို့မှ ငါးဘာသာဂုဏ်ထူးရှင် မောင်သန့်ဇွဲဟိန်းက ရမှတ် ၅၁၅ မှတ်ဖြင့် အမှတ်အများဆုံး ၁၀ ဦးစာရင်းတွင် ပါဝင်ခဲ့သည်။

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန ၁၇ ခုဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းတို့အနက် လောင်းလုံးမြို့နယ်တစ်ခုတည်းတွင်သာ စာစစ်ဌာနမရှိကြောင်း စာစစ်ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။