ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကံပေါက်တွင် အမျိုးသားသုံးဦးကို စစ်အာဏာရှင်တပ်လှည့်ကင်းက ပစ်ခတ်ဖမ်းဆီး

June 27, 2026

ပုံစာ - ကံပေါက်ကျေးရွာအတွင်း မောရဝတီရေတပ်က စစ်အာဏာရှင်တပ်သားများကို မြင်တွေ့ရစဥ်။ (ပုံဟောင်း)

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာတွင် ဒေသခံအမျိုးသားသုံးဦးထက်မနည်းကို ကင်းလှည့်နေသည့် စစ်အာဏာရှင်တပ်သားများက ယနေ့ ဇွန်လ ၂၇ ရက် ညနေပိုင်းတွင် ပစ်ခတ်ဖမ်းဆီးကြောင်း ဒေသခံများထံမှ သိရသည်။

ကံပေါက်ရွာ၊ ထန်းတစ်ပင်ရပ်ကွက်ရှိ ဓနိတောစပ်တွင် သေနတ်ပစ်ဖောက်သံများကြားရပြီး အမျိုးသားသုံးဦး ထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မြင်တွေ့ရကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံတစ်ဦးက ပြောသည်။

“သေနတ်သံ ကိုးချက်လောက်ဖောက်ပြီးတာနဲ့ ဓနိတောထဲမှာ ဖမ်းသွားတယ်။ ဘယ်သူဘယ်ဝါတွေလည်းတော့ သဲသဲကွဲကွဲ မမြင်လိုက်ရဘူး။ လူငယ်ပိုင်းတွေပဲ ဖြစ်ဖို့များတယ်” ဟု ၎င်းက ပြောဆိုသည်။

ဖမ်းဆီးခံရသူများ၏ အချက်အလက် အသေးစိတ်၊ ဖမ်းဆီးခံရသည့် အကြောင်းအရင်းနှင့် နောက်ဆက်တွဲ အခြေအနေတို့ကိုမူ Dawei Watch က စုံစမ်းနေဆဲဖြစ်သည်။

ကံပေါက်တိုက်နယ်တွင် အာဏာသိမ်းကာလနောက်ပိုင်း ပေါက်ကွဲမှု၊ ထိတွေ့ပစ်ခတ်မှု၊ ဖမ်းဆီးမှုရှိခဲ့သော်လည်း စစ်အုပ်စု ၏ ရွေးကောက်ပွဲကာလကတည်းက ယင်းဖြစ်စဥ်များ မရှိတော့ကြောင်း ဒေသခံများက ဆိုသည်။

သို့သော် ရွေးကောက်ပွဲကာလနောက်ပိုင်းတွင် ကံပေါက်ကျေးရွာ၏ ပတ်ဝန်းကျင်နေရာများတွင် စစ်အာဏာရှင်တပ်က အရပ်ဝတ်ကင်းပုန်းများချကာ ကင်းလှည့်ခြင်း၊ နေရာယူခြင်းများ ပြုလုပ်နေကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံများက ပြောသည်။

ကံပေါက်တိုက်နယ်တွင် စစ်အာဏာရှင်တပ်၏ မောရဝတီရေတပ်စခန်းဌာနချုပ်တည်ရှိပြီး ဟိန္ဇဲရေယာဥ်စု အခြေစိုက်သည်။