ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မေလအတွင်း တနင်္သာရီတိုင်းက လူငယ် ၁၆၀ ကျော် စစ်မှုထမ်းစုဆောင်းခံရ

May 28, 2026

ပုံစာ - အမှတ် (၅၇) ရေတပ်လေ့ကျင့်ရေး တပ်တွင် မေလ ၂၅ရက်က ဖွင့်လှစ်သည့် စစ်မှုထမ်းအမှတ်စဉ် (၂၅) သင်တန်းဖွင့်ပွဲ ။

တနင်္သာရီတိုင်းတွင် ယခုမေလအတွင်း လူငယ် ၁၆၀ ကျော် စစ်မှုထမ်းစုဆောင်းခံရကြောင်း ကာယကံရှင်မိသားစုဝင်များ ၏ ပြောပြချက်နှင့် စစ်အုပ်စု ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်တို့အရ သိရသည်။

စစ်မှုထမ်း အပတ်စဥ် ၂၅ သင်တန်းကို ကျွန်းစုမြို့နယ် ၊ တနင်္သာရီ ရေတပ်စခန်းဌာနချုပ် ကွပ်ကဲမှု အောက်ရှိ အမှတ် ၅၇ ရေတပ်လေ့ကျင့်ရေးတပ်တွင် မေလ ၂၅ ရက်က ဖွင့်လှစ်ခဲ့သည်။

စစ်အုပ်စုဘက်က ထုတ်ပြန်ထားသည့် သင်တန်းဖွင့်ပွဲ မှတ်တမ်းဓာတ်ပုံများအရ လူငယ် ၁၆၀ ကျော် စစ်မှုထမ်း သင်တန်းသား အဖြစ်စုဆောင်းခံထားရကြောင်း တွေ့ရှိရသည်။

တနင်္သာရီတိုင်းတွင် စစ်မှုထမ်းသင်တန်းများ စဖွင့်စဥ်က ပလောက်မြို့ရှိ အမှတ် ၁၂ တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်း တွင်သာ ဖွင့်လှစ်ပြီး နောက်ပိုင်းတွင် ရေတပ်လေ့ကျင့်ရေးတပ်တွင်လည်း သင်တန်းများ ဖွင့်လှစ်လာသည်ကို မှတ်တမ်းများအရသိရသည်။

အမှတ် ၈ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်တည်ရှိရာ ထားဝယ်မြို့နယ် သပြေချောင်းရွာနှင့် ထားဝယ်မြို့ပေါ် ရပ်ကွက်များတွင် လူငယ်သုံးဦးထက်မနည်း ယခုမေလအတွင်း ညဘက် နေအိမ်၌ စစ်မှုထမ်း စုဆောင်းခံခဲ့ရကြောင်း ကာယကံရှင်မိသားစုများ နှင့် မြို့ခံများထံမှ သိရသည်။

ထားဝယ်မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များနှင့် အများပြည်သူ အပန်းဖြေအနားယူရာ ထားဝယ် ကမ်းနားလမ်းတို့တွင် မြို့ခံလူငယ် ၂၀ ဦးထက်မနည်း မေလလယ်တွင် စုဆောင်းခံရကြောင်း Dawei Watch စုစည်းထားသည့် အချက်အလက်များအရ သိရသည်။

တနင်္သာရီတိုင်းသို့ အလုပ်လုပ်ရန်လာသည့် ဧရာဝတီတိုင်းက လူငယ်တစ်ဦးအပါအဝင် အမျိုးသားရှစ်ဦးကိုလည်း မေလ ၁၉ ရက်က သရက်ချောင်းမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင်ဖမ်းဆီးကာ စစ်မှုထမ်းစုဆောင်းခဲ့ပြီး ၎င်းတို့အပါအဝင် လူငယ် ၆၀ ကျော်ကို မြိတ်သို့ စစ်သင်္ဘောဖြင့် ပို့ခဲ့ကြောင်း ကာယကံရှင်တစ်ဦး၏ မိသားစုဝင်က ပြောဆိုမှုကို ကိုးကားကာ မဇ္စျိမသတင်းဌာနက ဖော်ပြသည်။

ယင်းသို့ အဓမ္မစစ်မှုထမ်း စုဆောင်းခဲ့မှုအခြေအနေများကို မေးမြန်းနိုင်ရန် တနင်္သာရီတိုင်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံ Dawei Watch က တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခဲ့ခြင်း မရှိပေ။

ပြီးခဲ့သည့် ဧပြီလကလည်း တနင်္သာရီတိုင်းတွင် လူငယ်အမျိုးသား ၁၂၀ ဦး စစ်မှုထမ်းအပတ်စဥ် ၂၄ အတွက် စုဆောင်းခံခဲ့ရကြောင်း စစ်အာဏာရှင်တပ်ဘက်က ထုတ်ပြန်သည့် မှတ်တမ်းဓာတ်ပုံများအရ သိရသည် ။