ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ ကျောင်းဖွင့်ရာသီ ဇွန်လပထမအပတ်တွင် လောင်းလုံးမြို့နယ်တွင် ကျောင်းအကြိုအပို့ကားများ ဟန့်တားခံရကြောင်း ကားသမားများနှင့် ကလေးမိဘများထံမှ သိရသည်။
ဇွန်လ ၄ ရက် ညနေပိုင်းက ထားဝယ်မြို့နှင့် လောင်းလုံးမြို့အကြား တစ်နေရာတွင် ကျောင်းကြိုပြီးပြန်လာသည့် ကားများကို လက်နက်ကိုင်လူတစ်စုက တားဆီး၍ ကျောင်းအကြိုအပို့ ဆက်မလုပ်ကြရန် တားဆီးခဲ့ကြောင်း၊ ကားသမားများကိုလည်း လက်မှတ်ထိုးခိုင်းခဲ့ကြောင်း ကိုယ်တိုင်ကြုံရသူများက ပြောသည်။
“ကားတွေကို တားပြီး ကားသမားတွေ ခဏဆင်းလာဦးလို့ခေါ်တယ်။ ဒီလမ်းပိုင်းကို သုံးပြီး ကျောင်းအကြိုအပို့ မလုပ်ရဘူး ရာသက်ပန်ပိတ်တယ်လို့ပြောတယ်။ ကျောင်းသားတင်လာရင် ကားနဲ့မှမဟုတ်ဘူး ဆိုင်ကယ်နဲ့တောင် ဖြတ်မရဘူးပြောတယ်။ ပြီးတော့ ကားသမားတွေ နာမည်စာရင်းပေးပြီး လက်မှတ်ထိုးရတယ်။ ကျောင်းတက်ချင်ရင် မြို့မှာသွားတက်လို့ရတယ်။ နေ့ချင်းပြန် ပေးသွားခွင့်မပြုဘူး ပြောတယ်” ဟု ကိုယ်တိုင်ဟန့်တားခံရသည့် ကားသမားတစ်ဦးက ပြောသည်။
ဇွန်လ ၄ ရက် ညနေပိုင်းက ဟန့်တားခံခဲ့ရသည့် ကားအစီးရေ နှစ်ဆယ်ကျော်ရှိပြီး ဟန့်တားသည့် လက်နက်ကိုင်များသည် PDF တပ်ဖွဲ့ဝင်များ ဝတ်ဆင်လေ့ရှိသည့် ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင် နှစ်ဆယ်ခန့်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံ ဆက်သွယ်မေးမြန်းရာ ယင်းဖြစ်စဉ်သည် ၎င်းတို့နှင့် မသက်ဆိုင်သလို ပါဝင်ပတ်သက်မှုမရှိကြောင်း ဖြေကြားသည်။
ပညာရေးနှင့်ပတ်သက်၍ သူ့ဘက်ကိုယ့်ဘက်ခွဲ၍ ဟန့်တားမှုမပြုလုပ်ရန် လောင်းလုံး ပကဖ တပ်ဖွဲ့တွင် မူဝါဒရှိပြီး ယင်းမူဝါဒကို ကျော်လွန်၍ တပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ပါကလည်း အရေးယူမည်ဖြစ်ကြောင်း လောင်းလုံး ပကဖ ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။
“ပညာရေးနဲ့ပတ်သက်ပြီး မျိုးဆက်တစ်ခုမှာ ထိခိုက်နစ်နာမှုတွေရှိတယ်။ ကလေးတွေမှာလည်း ထိခိုက်မှုရှိပြီးတော့ နောက်ပိုင်းမှာ ပညာမတတ်တဲ့လူငယ်တွေအများကြီးတိုးလာမယ်။ အဲဒါမျိုး ကျွန်တော်တို့မလိုလားဘူး။ ဒါက ကျွန်တော်တို့အဖွဲ့အစည်း (ပကဖ) ရဲ့ မူဝါဒလို့လည်း ပြောလို့ရတယ်။ ခံယူချက်လို့လည်းပြောလို့ရတယ်” ဟု ၎င်းက ပြောဆိုသည်။
Dawei Watch အနေဖြင့် အထက်ပါဖြစ်စဉ်ကို မည်သည့်အဖွဲ့များက ပြုလုပ်ခဲ့သည်ကို အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
လောင်းလုံးမြို့နယ်တွင် လောင်းလုံးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အပြင် အခြား PDF တပ်ရင်းများ၏ တပ်ခွဲများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များလည်း စစ်ရေးလှုပ်ရှားမှုပြုလုပ်လေ့ရှိသည်။
သို့သော် ပညာရေးနှင့်ပတ်သက်ပြီး တရားဝင်စာထုတ်ပြန်၍ ဟန့်တားထားသည့် အဖွဲ့အစည်းကိုမူ မတွေ့ရသေးပေ။
လောင်းလုံးမြို့နယ်တွင် နယ်မြေမတည်ငြိမ်သဖြင့် စာသင်ကျောင်းအများစု ပိတ်ထားရပြီး ထားဝယ်မြို့ပေါ်ရှိ စာသင်ကျောင်းများသို့ နေ့ချင်းပြန် အသွားအလာပြုလုပ်ကာ ပညာသင်နေရသည့် ကျောင်းသူ၊ ကျောင်းသား ရာနှင့်ချီ၍ရှိကြောင်း လောင်းလုံးဒေသခံများထံမှ သိရသည်။
“ကားနဲ့နေ့ချင်းပြန်အသွားအလာ လုပ်ရင် တစ်လကို ကားခက တစ်သိန်း (ကျပ်) ဝန်းကျင်ပဲပေးရတယ်။ ထားဝယ်မှာတက်နေလို့ပြောရင် ကလေးတစ်ယောက်တည်းသွားထားခဲ့လို့မရဘူး။ အုပ်ထိန်းသူပါလိုက်ရတယ်။ ပြီးတော့ နေစရာအခန်းက တစ်လတစ်သိန်းဝန်းကျင်နဲ့ ငှားလို့ရမယ့်နေရာက ရှားတယ်။ ရွာက အလုပ်အကိုင်တွေကလည်း ပစ်ခဲ့ရဦးမယ်။ ကလေးမိဘတွေမှာ အဲဒီလို အခက်အခဲရှိနေတယ်” ဟု လောင်းလုံးဒေသခံတစ်ဦးက ပြောပြသည်။
အလားတူ ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာအချို့နှင့် လောင်းလုံးမြောက်ပိုင်း ကျေးရွာအချို့တွင်လည်း ကျောင်းအပ်နှံရေးရက်သတ္တပတ် မေလနောက်ဆုံးအပတ်နှင့် ဇွန်လပထမအပတ်အတွင်း မြို့ပေါ်ကျောင်းများတွင် ကျောင်းသွားအပ်နှံသူအချို့ ဖမ်းဆီးစစ်ဆေးခဲ့ပြီး၊ ရွာသားအချို့ မြို့ကျောင်းများတွင် ကျောင်းမအပ်ရန် ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ယင်းသို့ဆောင်ရွက်ခဲ့ရာတွင် ဗထူးတပ်မှ ရဲဘော်များ ပါဝင်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။
အသေးစိတ်မေးမြန်းနိုင်ရန် ဗထူးတပ်မတော် ပြန်ကြားရေးတာဝန်ရှိသူထံ Dawei Watch က တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း မဖြေကြားနိုင်ကြောင်း တုံ့ပြန်ပြောဆိုသည်။
ကျောင်းစဖွင့်သည့် ဇွန်လ ၁ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် အထက ကမြောကင်း စာသင်ကျောင်းဝင်းအတွင်း ဒရုန်းဖြင့် ဗုံးချခံခဲ့ရပြီး အဆောက်အအုံအချို့ ထိခိုက်ခဲ့သည်။ ယင်းဖြစ်စဉ်ကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ကြောင်း အတည်ပြုနေဆဲဖြစ်သည်။
လောင်းလုံးမြို့နယ်အခြေစိုက် ကျောင်းသားတော်လှန်ရေးတပ် (SRO/SRF) က ကလေးသူငယ်များ၏ လွတ်လပ်စွာ ပညာသင်ယူခွင့်၊ မိဘများ၏ သားသမီးပညာရေးနှင့်ပတ်သက်၍ လွတ်လပ်စွာ စီမံပိုင်ခွင့်ကို လက်ခံအားပေးကာ ယင်းအခွင့်အရေးများကို ထိပါးနှောင့်ယှက်သည့် မည်သည့်အဖွဲ့အစည်းကိုမဆို ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ဇွန်လ ၅ ရက်က သဘောထားထုတ်ပြန်ထားသည်။







