နေရပ်ပြန်ပို့ခံရသော မြန်မာလူငယ်အများစု စစ်မှုထမ်း စုဆောင်းခံနေရသဖြင့် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများက မြန်မာလူငယ်များကို အတင်းအဓမ္မ နေရပ်ပြန်ပို့ခြင်း မပြုလုပ်ရန် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ — ASEAN Parliamentarians for Human Rights (APHR) က မေလ ၂၅ ရက်နေ့က ထုတ်ပြန်သည်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အာဏာရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးနောက် နိုင်ငံအတွင်း လူငယ်ပေါင်း ၁၂၀,၀၀၀ ကျော်ကို စစ်မှုထမ်း အဓမ္မစုဆောင်းခဲ့ကြောင်း APHR အဖွဲ့က ထုတ်ပြန်သည်။
မြန်မာလူငယ်အများစုကို စစ်တပ်က အိမ်ပေါ်အထိတက်ကာ စစ်မှုထမ်း အဓမ္မစုဆောင်းခဲ့ပြီး စစ်သင်တန်းအနည်းငယ်ပေး၍ စစ်မြေပြင်တွင် လူသားဒိုင်းကဲ့သို့ အသုံးပြုနေကြောင်း အဖွဲ့က ထောက်ပြသည်။


စစ်မှုထမ်း စုဆောင်းခံရသူများသည် ပြန်လည်လွတ်မြောက်လာရေးအတွက် အိမ်ပေါင်ပြီး ထုတ်ယူနေရသလို စစ်မှုထမ်းရာမှ ထွက်ပြေးလာသူများကိုလည်း စစ်တပ်က ပစ်သတ်နေကြောင်း APHR အဖွဲ့က ရေးသားသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တပ်က မြန်မာလူငယ်များ၏ အနာဂတ်ကို ခိုးယူနေပြီး လွတ်လပ်စွာနေထိုင် အသက်ရှင်ခွင့်ကို ပိတ်ပင်တားဆီးနေသဖြင့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်နေကြောင်း APHR အဖွဲ့၏ ဥက္ကဋ္ဌ Mercy Chriesty Barends က ပြောသည်။
ယင်းအခြေအနေတွင် ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများက မြန်မာလူငယ်များကို နေရပ်ပြန်ပို့ပြီး ၎င်းတို့၏ အနာဂတ်ကို ပိုမိုဆိုးရွားအောင် လုပ်ဆောင်နေကြကြောင်း APHR အဖွဲ့က ထုတ်ပြန်သည်။
အထူးသဖြင့် ထိုင်းနိုင်ငံက နေရပ်ပြန်ပို့ခံရသော မြန်မာလူငယ်အချို့ကို စစ်အာဏာရှင်တပ်က သေနတ်ထောက်ပြီး စစ်မှုထမ်းခိုင်းနေကြောင်း APHR အဖွဲ့က ဆိုသည်။
စစ်မှုထမ်းဥပဒေစတင်ထုတ်ပြန်သော ၂၀၂၄ ခုနှစ်ကစပြီး ယခု ၂၀၂၆ ခုနှစ် မေလအထိ ထိုင်းနိုင်ငံက မြန်မာနိုင်ငံသားများကို ကော့သောင်းသို့ နေရပ်ပြန်ပို့နေသည်မှာ ၄,၇၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း Dawei Watch ၏ စုစည်းမှုအရ သိရသည်။
မြန်မာလူငယ်များ စစ်မှုထမ်း စုဆောင်းခံနေရသဖြင့် အိမ်နီးချင်းနိုင်ငံအားလုံးက မြန်မာလူငယ်များအား နေရပ်ပြန်ပို့နေမှုကို ရပ်တန့်ပေးပြီး နိုင်ငံတကာဥပဒေအရ အတင်းအဓမ္မ နေရပ်ပြန်မပို့ရေးစည်းမျဉ်း (Non-refoulement) ကို လက်ကိုင်ထိန်းသိမ်းကြရန် APHR က တိုက်တွန်းထားသည်။







