ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြဝတီ-မဲဆောက် အမှတ် ၂ ကုန်သွယ်ရေးတံတားကို ယနေ့ပြန်ဖွင့်၊ ကုန်ကားအချို့ စတင်ဖြတ်သန်း

May 28, 2026

ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် အမှတ် ၂ ကုန်သွယ်ရေးတံတားကို ယနေ့ မေလ ၂၈ရက် နံနက်ပိုင်းတွင် ပြန်လည် ဖွင့်လှစ်လိုက်ပြီး ထိုင်းဘက်က ကုန်တင်ကားအချို့ မြန်မာဘက်သို့ စတင်ဖြတ်သန်းခွင့်ပြုကြောင်း ကုန်စည်ပို့ဆောင်နေသူများထံမှ သိရသည်။

အဆိုပါကုန်သွယ်ရေးတံတားကို မြန်မာစစ်အုပ်စုဘက်က ပိတ်ထားပြီး ၁၀ လကျော်အကြာ ယနေ့တွင် စမ်းသပ်အဆင့်အနေဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။

တံတားကို ပြန်လည်ဖွင့်လှစ်ရန် မြန်မာစစ်အစိုးရဘက်က ထိုင်းအာဏာပိုင်များထံ ဖုန်းဆက်အကြောင်းကြားခဲ့ပြီးနောက် ယနေ့တွင် နှစ်နိုင်ငံတာဝန်ရှိသူများက ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ဖော်ပြသည်။

သို့သော်လည်း တံတားကို မူလပုံစံအတိုင်း အပြည့်အဝ ပြန်ဖွင့်၍ မရသေးဘဲ ကနဦး စမ်းသပ်ချက်အနေဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။

နောက်ပိုင်းတွင် ကုန်သွယ်ရေးအခြေအနေ ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်ရကြောင်း ထိုင်းအာဏာပိုင်များက ပြောဆိုကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ယနေ့တွင် စမ်းသပ်အဆင့်အနေဖြင့် ထိုင်းဘက်က ကုန်ကားအချို့ကို မြန်မာဘက်သို့ ဖြတ်သန်းခွင့် ပြုနေပြီး အသေးစိတ် အခြေအနေများကို မြန်မာနှင့် ထိုင်းအာဏာပိုင်များ ဆွေးနွေးနေဆဲဖြစ်ကြောင်း ဖော်ပြသည်။

အမှတ် ၂ တံတား ဖွင့်လှစ်ခြင်းနှင့် ပက်သက်၍ မြန်မာစစ်အစိုးရက ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပေ။

မဲဆောက်-မြဝတီ အမှတ် ၂ ကုန်သွယ်ရေးတံတားကို ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် မြန်မာစစ်အုပ်စုက ပိတ်ထားခဲ့သဖြင့် နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု ၅၀ ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

Ref: Matichon Online, Maesot News