ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး

May 28, 2026

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် ယနေ့ နံနက်ပိုင်းက အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများက ပြောသည်။

ဘီးလင်းမြို့က အသက် ၂၉ နှစ်အရွယ် ကိုထွန်းထွန်းသည် ယနေ့ မေလ ၂၈ ရက် နံနက် ၅ နာရီခွဲဝန်းကျင်က သထုံဘက်မှ ကားမောင်းနှင်ပြီးလာစဉ် ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအရောက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ၎င်းတို့က ဆိုသည်။

“ဒေါက်ရပ်ရွာ အထက်တန်းကျောင်းရှေ့မှာ ပစ်ခတ်ခံရတယ်။ သုံး လေးချက်လောက် ထိသွားတယ်” ဟု ဘီးလင်းမြို့ခံ အမျိုးသားတဦးက ပြောဆိုသည်။

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကိုထွန်းထွန်းတွင် ဦးခေါင်း၊ လက်တို့၌ ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါအမျိုးသားသည် ဘီးလင်းမြို့တွင် ကားပစ္စည်းအရောင်းဆိုင် ဖွင့်လှစ်ထားကြောင်း ဒေသခံများက ပြောသည်။

ကိုထွန်းထွန်းကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်ကို မသိရသေးကြောင်း ၎င်းတို့က ဆိုသည်။

ယင်းသို့ ပစ်ခတ်ခံရပြီးနောက် ဒေါက်ရပ်ကျေးရွာ တစ်လျှောက်တွင် စစ်အာဏာရှင်တပ် ဝင်ရောက်လာပြီး ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဘီးလင်းမြို့နယ်အတွင်း စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေးပြင်းထန်လျက်ရှိပြီး ယခုကဲ့သို့သော ပစ်ခတ်ခံရမှုဖြစ်စဉ်များလည်း မကြာခဏဖြစ်ပွားနေသည်။