ဟော်မုဇ်ရေလက်ကြားအတွင်း အမေရိကန်တပ်ဖွဲ့များနှင့် ကုန်သွယ်ရေကြောင်းသွားလာမှုအပေါ် ခြိမ်းခြောက်မှုဖြစ်စေသည့် အီရန်၏ ဒရုန်းစစ်ဆင်ရေးနေရာတစ်ခုကို ပစ်မှတ်ထား၍ အမေရိကန်စစ်တပ်က တိုက်ခိုက်မှုအသစ်များ ပြုလုပ်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားလိုက်သည်။
ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းသွားလာမှုများ ပြန်လည်စတင်ရန် သဘောတူညီမှုရရှိခဲ့သည်ဟူသည့် အီရန်၏ထုတ်ပြန်ချက်ကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပယ်ချခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် အဆိုပါ တိုက်ခိုက်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။
အီရန်ဆိပ်ကမ်းမြို့ ဘန်ဒါအာဘတ်စ်ရှိ မြေပြင်ထိန်းချုပ်ရေးစခန်းတစ်ခုကို အမေရိကန်စစ်တပ်က တိုက်ခိုက်ခဲ့ပြီး အီရန်တိုက်ခိုက်ရေးဒရုန်းလေးစင်းကို ပစ်ချခဲ့ကြောင်း အဆိုပါ အမည်မဖော်လိုသည့် အမေရိကန်အရာရှိက ဆိုသည်။
အမေရိကန် ၊ အစ္စရေးနှင့် အီရန်အကြား စစ်ပွဲကို အဆုံးသတ်ရန် ဧပြီလ ၈ ရက်နေ့က စတင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန် ဆွေးနွေးနေချိန်တွင် အဆိုပါ တိုက်ခိုက်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
အမေရိကန်စစ်တပ်က တနင်္လာနေ့တွင် အီရန်နိုင်ငံတောင်ပိုင်း၌ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ယင်းလုပ်ရပ်မှာ အပစ်အခတ်ရပ်စဲရေးကို ဆိုးရွားစွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း အီရန်ဘက်က စွပ်စွဲပြောဆိုထားသည်။
ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးမည့် ငြိမ်းချမ်းရေးသဘောတူညီချက်ဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်ခုကို အမေရိကန်နှင့် အီရန်အကြား အချက်တော်တော်များများ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သမ္မတထရမ့်က မကြာသေးမီရက်ပိုင်းအတွင်း ပြောကြားထားသည်။
သို့ရာတွင်အီရန်နှင့် မည်သည့်သဘောတူညီချက်ကိုမဆို အလျင်စလို မလုပ်ဆောင်ရန် မိမိ၏ ကိုယ်စားလှယ်များကို ညွှန်ကြားထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆိုသည်။
အီရန်၏ အဏုမြူပိုင်ဆိုင်ရေးရည်မှန်းချက်များ၊ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာလက်နက်ကိုင်အဖွဲ့နှင့် လက်ဘနွန်နိုင်ငံအတွင်း ဖြစ်ပွားနေသည့် အစ္စရေး၏စစ်ပွဲ၊ ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းပေးရန် အီရန်၏ တောင်းဆိုချက်များနှင့် ပြည်ပဘဏ်များတွင် ပိတ်ဆို့သိမ်းဆည်းထားသည့် ဒေါ်လာ ဘီလီယံပေါင်းများစွာတန်ဖိုးရှိ အီရန်ရေနံဝင်ငွေများကို ပြန်လည်လွှဲပြောင်းပေးရေး စသည့် ကိစ္စရပ်များတွင် နှစ်ဦးနှစ်ဖက် သဘောထားကွဲလွဲနေဆဲ ဖြစ်သည်။
Source: Reuters







