ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်တွင် တစ်ရက်အတွင်း အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

April 28, 2026

မွန်ပြည်နယ်တွင် တစ်ရက်အတွင်း အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၂၇ ရက်နေ့ ည ၇ နာရီခန့်က မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ဖယ်ဒိုကျေးရွာနေ အသက် ၅၆ နှစ်အရွယ် ဦးညွန့်သိန်းဆိုသူသည် နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။

ဦးညွန့်သိန်းသည် နေအိမ်တွင်ရှိနေစဉ် သေနတ်သမား ၆ ဦး ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် နေအိမ်ထဲ ဝင်ရောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးညွန့်သိန်းသည် အခင်းဖြစ်သည့် နေအိမ်ပေါ်တွင်ပင် သေဆုံးသွားခဲ့သည်။

“ဘယ်လိုအကြောင်းကြောင့် အခုလို လုပ်တာလဲတော့ မသိဘူး။ သေနတ်သမားတွေက ဦးညွန့်သိန်းကိုပဲ လုပ်သွားတာ၊ အိမ်ပေါ်မှာ သူ့ဇနီးနဲ့ သမီးလည်း ရှိနေတယ်လို့ သိရတယ်။ သူတို့ကိုတော့ ဘာမှမလုပ်သွားဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးညွန့်သိန်းကို ပစ်ခတ်သွားသည့် သေနတ်သမားများမှာ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက ဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဧပြီလ ၂၇ ရက်နေ့တွင်ပင် ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာနေ ဦးမောင်နိုင်ဆိုသူကို ရေးဘီလူးအဖွဲ့က ချောင်းတောင်ကျေးရွာ ရေးမြစ်ကူးတံတားပေါ်တွင် ပစ်ခတ်ရှင်းလင်းခဲ့သည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။

ချောင်းတောင်ကျေးရွာနေ ဦးမောင်နိုင်သည် ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်ပြီး ပြည်သူများထံမှ ဆိုင်ကယ်၊ ဖုန်း၊ ငွေများ မတရား သိမ်းယူနေသည့်အတွက် ယခုလို ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်သည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့ကလည်း မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ရှမ်းစုရပ်ကွက်နေ ဦးငြိမ်းဦးနှင့် ကိုရဲလင်းဦးတို့ သားအဖနှစ်ဦးကို အမည်မသိ သေနတ်သမားတို့၏ ပစ်ခတ်မှုကြောင့် သားဖြစ်သူ ကိုရဲလင်းဦး သေဆုံးကာ ဖခင် ဦးငြိမ်းဦးမှာ ဒဏ်ရာရရှိခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်း စစ်ကော်မရှင်နှင့် နီးစပ်သူ သတင်းပေးသူများအပြင် မူးယစ်ဆေးဝါး၊ လောင်းကစားနှင့် ဆက်စပ်သူများလည်း မကြာခဏ ပစ်ခတ်ရှင်းလင်းခံရလေ့ရှိသည်။