မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာအနောက်ပိုင်းတွင် ယနေ့ ဧပြီလ ၂၈ရက် နံနက်ပိုင်းတွင် မီးလောင်ပြီး နေအိမ် ကိုးလုံး ပျက်စီးဆုံးရှုံးကြောင်း ဒေသခံများက ပြောသည်။
ကရုပ္ပိကျေးရွာ အနောက်ပိုင်းရှိ နေအိမ်တစ်အိမ်တွင် မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းကြောင်း ၎င်းတို့က ဆိုသည်။
နံနက် ၅ နာရီဝန်းကျင်တွင် မီးစတင်လောင်ကျွမ်းပြီး မီးသတ်တပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ရွာသူ ရွာသားတို့က ဝိုင်းဝန်းငြိမ်သတ်မှုကြောင့် နံနက် ၅ နာရီ ၄၀ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
မီးလောင်ကျွမ်းမှုကြောင့် ဓနိမိုး ထရံကာ နေအိမ် သုံးလုံး၊ သွပ်မိုး ပျဉ်ကာ နေအိမ် လေးလုံး၊ အုတ်ညှပ် အိမ် ၂ လုံး မီးလောင်ကျွမ်းပျက်စီးကြောင်းဒေသခံများက ဆိုသည်။
“တခြား (လူ) ထိခိုက်မှုတော့ မရှိဘူး” ဟု ကရုပ္ပိကျေးရွာခံတစ်ဦးက ပြောသည်။



မီးလောင်ပျက်စီးသည့် နေအိမ် ကိုးလုံးက ဒေသခံပြည်သူ ၃၈ ဦးကို ကရုပ္ပိကျေးရွာ၊ ဓမ္မင်းဆိပ်ရှိ ရှင်ဥပဂုတ္တဓမ္မာရုံတွင် ယာယီပြောင်းရွှေ့ထားကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် မီးဘေးသင့်ပြည်သူများ စားဝတ်နေရေးအခက်အခဲ ကြုံနေရပြီး ဒေသခံတို့က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ကူညီဆောင်ရွက်နေသည့် ဒေသခံများက ပြောသည်။







