ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ် SEZ ဒေသက စစ်မီး ခြိမ်းသံ

June 27, 2026

ထားဝယ်အထူးစီးပွားရေးဇုန်အရေး မိုင်ပေါင်း ၁၇၀ ကျော် ဝေးကွာသည့် မြိတ်မြို့မှတစ်ဆင့် စစ်အာဏာရှင်တပ်၏ ဒုတပ်ချုပ်က ကြုံးဝါးလိုက်သည်။

အာဏာသိမ်းစစ်အုပ်စုသည် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း (DSEZ) အကောင်အထည်ဖော်ရန် ရုရှားနိုင်ငံထံ လုပ်ပိုင်ခွင့် ထိုးအပ်ထားပြီး အလောတကြီး လုပ်ဆောင်ရန် စိုင်းပြင်းနေသည်။

ယင်းသို့ စိုင်းပြင်းနေချိန် တနင်္သာရီတိုင်းထဲကို တပ်တွင်း စည်းရုံးရေးခရီးစဉ် လာရောက်သည့် ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီးကျော်စွာလင်းက ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအရေး ခရီးစဉ်အတွင်း ထည့်သွင်းပြောဆိုလာသည်။

“ထားဝယ်ရေနက်ဆိပ်ကမ်းကဲ့သို့ မဟာဗျူဟာမြောက်စီမံကိန်းကို နှောင့်ယှက်ဖျက်ဆီးသည့် အဖွဲ့အစည်းမှန်သမျှကို ထိထိရောက်ရောက် ချေမှုန်းရှင်းလင်းရန်” ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။ ဇွန်လ ၂၄ ရက်တွင် မြိတ်တပ်နယ်နှင့် ကျွန်းစုမြို့ရှိ နယ်မြေခံတပ်များကို စည်းရုံးရေးဆင်းချိန် ပြောဆိုခဲ့ခြင်းဖြစ်သည်။

နဂိုကတည်းက ဇုန်ထဲတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ် လှည့်ပတ်စစ်ကြောင်းထိုးနေသောကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရချိန် ဒုတပ်ချုပ်ရဲ့ ကြုံးဝါးမှုကြောင့် စစ်ရိပ် ပိုသန်းလာနိုင်ရာ ဒေသအခြေအနေမှာ ပိုမိုရတက် မအေးဖွယ်ရာ ဖြစ်လာသည်။

စစ်ရေး မည်သို့ရှိနိုင်သနည်း …

တိုင်းအတွင်း စစ်ရေးကြီးကြီးမားမား ဖြစ်ပွားနေသည့် နေရာလည်း လတ်တလောတွင် မရှိသဖြင့် ထားဝယ်အထူးစီးပွားရေး ဒေသမှာ စစ်အာဏာရှင်တပ်၏ ထိုးစစ်အရှိန်မြင့်လာနိုင်ဖွယ်ရှိသည့် အခင်းအကျင်း ရှိနေသည်။

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် ပြည်ထောင်စုလမ်းပေါ်ရှိ ဝင်းဝရွာတပ်စခန်းနှင့် ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို စစ်အာဏာရှင်တပ်က ပြန်သိမ်းပြီးနောက်ပိုင်း အင်အားအများအပြား ထုတ်သုံးပြီး တိုက်ခိုက်ရမည့် နေရာအနည်းငယ်သာကျန်တော့သည့် အခြေအနေဖြစ်သည်။

ထိုကြောင့်လည်း ထားဝယ်အထူးစီးပွားဇုန်အပါအဝင် ဆက်စပ်နေသည့် ပြည်ထောင်စုလမ်းကို ထိုးစစ်အရှိန်မြှင့်လာနိုင် ကြောင်း သုံးသပ်သူများလည်း ရှိနေသည်။

စီးပွားရေးဇုန်သည် စစ်အုပ်စုအတွက် စစ်ရေးအရအပြင် စီးပွားရေးအရပါ ဗျူဟာမြောက်နေရာဖြစ်သောကြောင့် ထိုးစစ် တိုးမြှင့်လာနိုင်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ နှစ်ချီကြာ စောင့်ကြည့်နေသည့် MAGGA Initiative အဖွဲ့ မှ တာဝန်ရှိသူ မဆုဆုက သုံးသပ်သည်။

“အစကတည်းက စစ်ကောင်စီရဲ့ စစ်ရေးအရရော၊ စီးပွားရေးအရရော ဗျူဟာမြောက်ပစ်မှတ်ထားတဲ့နေရာ ဖြစ်တဲ့အတွက် မြေပြင်ထိုးစစ်ကတော့ ပိုမိုမြင့်လာနေသလို သူတို့အကျိုးစီးပွားကို ကာကွယ်ဖို့ လေကြောင်းအသုံးပြု တိုက်ခိုက်တာ တွေလည်း အခုတိုးမြှင့် လုပ်ဆောင်နိုင်ပါတယ်” ဟု မဆုဆုက ပြောသည်။

စစ်အာဏာရှင်တပ်ဘက်၏ ထိုးစစ်အရှိန်မြှင့်လာလျှင် တော်လှန်ရေးတပ်များဘက်ကလည်း ခုခံတိုက်ခိုက်မည်ဖြစ်ရာ ထားဝယ်အထူးစီးပွားရေးဇုန်အပါအဝင် တနင်္သာရီတိုင်းအတွင်း စစ်မီးပိုတောက်လာမည် ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃၊ အမှတ် ၈၀၀၂ (KBDF) တပ်ရင်းမှူး ရဲဘော်အောင်ပန်းကလည်း စစ်အာဏာရှင်တပ်ဘက်က ထိုးစစ်ဆင်လာပါက တော်လှန်ရေးတပ်များဘက်ကလည်း စုစည်းမှုအား ကောင်းကောင်းဖြင့် ခံစစ်ရော တန်ပြန်ထိုးစစ်ပါရှိလာမည်ဖြစ်ကြောင်း ပြောဆိုသည်။

“PDF အနေနဲ့လည်း အရင်ကထက် စုစည်းမှုပိုကောင်းနေပြီ။ ရှင်းလင်းမယ်ဆိုရင် ဒီဘက် (တော်လှန်ရေးအင်အားစု) ကလည်း ခံစစ်ရော တိုက်စစ်ရော လာမှာပေါ့။ သူတို့ကတော့ ကြုံးဝါးမှာပဲ။ ဘာလို့လဲဆိုတော့ တစ်ဖက်မှာ တိုက်ပွဲတွေ ဖော်ဆောင်မယ်။ တစ်ဖက်မှာ အတုအယောင် ငြိမ်းချမ်းရေးဆိုပြီး အကျိုးစီးပွားတွေနဲ့ ဆွေးနွေးတာလည်းရှိမယ်”ဟု တပ်ရင်းမှူး ရဲဘော်အောင်ပန်းက ပြောသည်။

အမှတ် ၈၀၀၂ တပ်ရင်း (KBDF) တပ်ရင်းသည် မွန်၊ ကရင်၊ ထားဝယ်တော်လှန်ရေးမဟာမိတ် အဖွဲ့ဝင်ဖြစ်ပြီး ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာအပါအဝင် ရေဖြူမြို့နယ် ဝန်းကျင်နေရာများတွင် စစ်ရေးလှုပ်ရှားနေသည်။

လက်ရှိတွင် စစ်အုပ်စုက ထားဝယ်အထူးစီးပွာရေးဇုန်ရှိ စီမံကိန်းနှင့် ပတ်သက်သည့် လုပ်ငန်းများ စတင်လုပ်ဆောင်ရန် ရုရှားနိုင်ငံနှင့် သဘောတူစာချုပ်များ တောက်လျှောက်ချုပ်ဆိုနေသည်။ သို့သော် ချုပ်ဆိုခဲ့သည့် စာချုပ်အားလုံးသည် MoU ဟုခေါ်သည့် နားလည်မှုစာချွန်လွှာအဆင့်များသာဖြစ်ပြီး ဥပဒေအရ မဖြစ်မနေလုပ်ရမည့် အနေအထား မဟုတ်ပေ။

ပြီးခဲ့သည့် ဇွန်လ ၅ ရက်က ထားဝယ်ရေနက်ဆိပ်ကမ်း ဓာတ်အားပေးစက်ရုံဆောက်မည်ဟုဆိုကာ ရုရှားနိုင်ငံ Inter RAO ကုမ္ပဏီနှင့် မြန်မာနိုင်ငံ လောင်းလုံးစီးပွားဖွံ့ဖြိုးရေးကုမ္ပဏီတို့ MoU လက်မှတ်ထိုးခဲ့သည်။

ယင်းသို့ လက်မှတ်များထိုးနေသော်လည်း မြေပြင်တွင်မူ သိသာထင်ရှားသည့် အကောင်အထည်ဖော်မှုမျိုး မရှိကြောင်း ဒေသခံများက ဆိုသည်။

စစ်အုပ်စု လောဆော်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာသည် စုစုပေါင်း ဧကငါးသောင်းဝန်းကျင် ကျယ်ဝန်းပြီး တော်လှန်ရေးတပ်များလည်း အင်အားကောင်းကောင်းဖြင့် အခြေစိုက်လှုပ်ရှားနေသည်။ တစ်ဖက်တွင် စစ်အာဏာရှင်တပ် ကလည်း စီမံကိန်းဧရိယာအတွင်းရှိ နေရာလေးခုထက်မနည်းတွင် အင်အားရာချီဖြင့် အခိုင်အမာ တပ်စွဲထားသည်။

ထိုကြောင့် ထားဝယ်စီးပွားရေးဇုန်စီမံကိန်းဧရိယာက တော်လှန်ရေးတပ်နှင့် စစ်အာဏာရှင်တပ်တို့ ဘတစ်ပြန် ကျားတစ်ပြန် ဖြစ်နေပြီး တိုက်ပွဲများလည်း ခပ်စိပ်စိပ်ဖြစ်ပွားနေသည့် နေရာ ဖြစ်သည်။

စီမံကိန်းနယ်မြေ၏ ပထဝီ

ထားဝယ်အထူးစီးပွားရေးဇုန်သည် ရေဖြူမြို့နယ်တွင် တည်ရှိပြီး ရေနက်ဆိပ်ကမ်းရှိသည့် နေရာနှင့် ရေး-ထားဝယ် ပြည်ထောင်စုလမ်းသည် ၁၂ မိုင်ခန့် ကွာဝေးသည်။

အဆိုပါဧရိယာနှင့် အနီးဝန်းကျင်တွင် စစ်အာဏာရှင်တပ်၏ မောရဝတီရေတပ်စခန်းဌာနချုပ်၊ ခလရ ၂၇၃ တပ်ရင်း၊ ခလရ ၂၈၂ တပ်ရင်း၊ ခမရ ၄၀၆၊ ၄၀၇၊ ၄၀၈၊ ၄၀၉၊ ၄၁၀ တပ်ရင်း၊ ခလရ ၁၀၄ တပ်ရင်းနှင့် အမှတ် ၃၀၇ နှင့် ၃၀၄ အမြောက်တပ်တို့ အခြေစိုက်ထားသည်။

ဟိန္ဇဲရေယာဉ်စု အခြေစိုက်ထားသည့် မောရဝတီရေတပ်စခန်းဌာနချုပ်သည် ရေလမ်းအတိုင်းသွားပါက စီမံကိန်း ဧရိယာနှင့် ၆၀ ကီလိုမီတာ (၃၇ မိုင်ခန့်) ကွာဝေးသည်။

တပ်ရင်းအရေအတွက်အရ များပြားနေသော်လည်း အဆိုပါတပ်ရင်းအများစုသည် အခြားနယ်မြေဒေသများကို စစ်ဆင်ရေး ထွက်နေရပြီး နောက်ချန်အင်အား အများစုဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာအတွင်း လှုပ်ရှားစစ်ကစားနေခြင်း ဖြစ်သည်။

တော်လှန်ရေးတပ်ဘက်ကလည်း စီမံကိန်းဧရိယာနှင့် အနီးဝန်းကျင်တွင် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) ၊ ဗထူးတပ်မတော်ကဲ့သို့ ဒေသကာကွယ်ရေးတပ်များအပြင် NUG အောက်ရှိ တပ်ရင်းတပ်ဖွဲ့များလည်း လှုပ်ရှားနေသည်။

ထိုကြောင့်လည်း စစ်အာဏာရှင်တပ်သည် စီမံကိန်းဧရိယာအတွင်းသို့ စစ်ကြောင်းထိုးခြင်းနှင့် အင်အားဖြည့်တင်းသည့် အချိန်တိုင်း တော်လှန်ရေးတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကို အမြဲတမ်းခံနေရပြီး ထိခိုက်သေဆုံးမှုများ ရှိနေသည်။

ထိုအခြေအနေများကြောင့် စစ်အာဏာရှင်တပ်က DSEZ ဧရိယာအတွင်းသို့ လူ၊ လက်နက်ဖြည့်တင်းချိန် ကုန်းလမ်းကို အသုံးပြုမှုနည်းပါးပြီး ရေတပ်သင်္ဘောများကို ပိုမိုအသုံးပြုလာကြောင်း NUG လက်အောက်ရှိ ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အေဘီစီက ဆိုသည်။

“ကုန်းလမ်းမသုံးတာ ကြာပြီ။ ရေတပ်က အင်အားဖြည့်တင်းဖို့ တပ်ထောက်ကိစ္စကို ဦးစားပေးလုပ်တယ်။ ခြေလျင်တပ် ခြေမြန်တပ်တွေက အင်အားကိုသယ်ပြီး ပြန်လာပို့ပေးတာများတယ်။ ထားဝယ်တို့ မြိတ်တို့ကနေ သွားသယ်လာတာပေါ့။ ရေတပ်သင်္ဘောက လက်နက်ကြီးပစ်ကူ သုံးတာတွေလည်း ရှိတယ်” ဟု ၎င်းက ပြောသည်။

DSEZ လားရာ

ထားဝယ်ရေနက်ဆိပ်ကမ်း လုပ်ရခြင်း၏ ရည်ရွယ်ချက်သည် အိန္ဒိယ သမုဒ္ဒရာနှင့် တောင်တရုတ် ပင်လယ်ကို ချိတ်ဆက်ပြီး ကုန်ပစ္စည်းများ လမ်းခရီးတိုတိုဖြင့် ဆက်သွယ်ပို့ဆောင်နိုင်ရေးဖြစ်သည်။

လက်ရှိတွင် ကုန်သင်္ဘောများသည် စင်ကာပူနိုင်ငံ၏ မလက္ကာရေလက်ကြားကို ကွေ့ဝိုက်ဖြတ်သန်းနေရသဖြင့် ခရီးအကွာအဝေး ရှည်လျားသလို ကုန်ကျစရိတ်လည်း ပိုများနေသည်။

ထို့အပြင် စီမံကိန်းအတွင်း စက်ရုံအလုပ်ရုံများ တည်ဆောက်ပြီး ထုတ်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန် ရည်ရွယ်ရင်းဖြစ်သည်။

ထားဝယ်အထူးစီးပွားရေးဇုန် စတင်အကောင်အထည်ဖော်ချိန်က DSEZ နှင့် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ကို ဆက်သွယ် ထားသည့် ဒေသအခေါ် ရှမ်းလမ်းကို ဖောက်လုပ်ထားသည်။ အဆိုပါလမ်းမှာ ၁၂၀ မိုင်ခန့် ရှည်လျားသည်။

လက်ရှိတွင် လမ်းပိုင်းနေရာအများစုဖြစ်သည့် ပြည်ထောင်စုလမ်းအနီး ရေဖြူမြို့နယ် ဒေါက်လောက်ရွာဝန်းကျင်မှ ထီးခီးနယ်စပ်အထိ မိုင် ၁၀၀ နီးပါးကို KNU နှင့် နွေဦးတော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည်။

ထို့အပြင် ထိုင်း-မြန်မာနယ်စပ် ထီးခီးဒေသဝန်းကျင်ကိုလည်း KNU က အပြည့်အဝ လွှမ်းမိုးထိန်းချုပ်ထားသည်။

ယင်းအပြင် DSEZ ကို အကောင်အထည်ဖော်ရန်အတွက် စီမံကိန်းဧရိယာတစ်ခုတည်းကို ထိန်းချုပ်နိုင်ရုံဖြင့် မပြီးဘဲ မဟာဗျူဟာကျသည့် ရေး-ထားဝယ်-မြိတ်-ကော့သောင်း အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကိုလည်း အပြည့်အဝ လွှမ်းမိုးထားနိုင်ရန် လိုအပ်လာပြန်သည်။

ထိုကြောင့်လည်း စစ်အာဏာရှင်တပ် ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီးကျော်စွာလင်းက ပြည်ထောင်စုလမ်းပေါ် နှောင့်ယှက် ဖျက်ဆီး လာသည့် အဖွဲ့အစည်းမှန်သမျှကို ထိထိရောက်ရောက် ချေမှုန်းရှင်းလင်းရန်ဟုလည်း မြိတ်မြို့တွင်ပင် ညွှန်ကြားခဲ့ သည်။

လက်ရှိတွင်မူ မိုင်ပေါင်း ၅၀၀ ကျော်ကွာဝေးသည့် ရေးမြို့မှ ကော့သောင်းအထိ ပြည်ထောင်စုလမ်းပိုင်းနေရာ အများစုကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည်။

စစ်အာဏာရှင်တပ်ကမူ အဆိုပါလမ်းပေါ်ရှိ ခရိုင်နှင့် မြို့နယ် မြို့ကြီးများ၊ တံတားကြီးများ၊ တပ်ရင်းအနီးတဝိုက်နှင့် စစ်ဆေးရေးတပ်စခန်းအချို့ကို ထိန်းချုပ်ထားနိုင်သည်။

အဆိုပါလမ်းပေါ်တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး စစ်အာဏာရှင်တပ်က “ဆန်စင်ရာ ကျည်ပွေ့လိုက်” နေရသည့် အနေအထားသာရှိနေသည်။

တော်လှန်ရေးတပ်များ လာရောက်တိုက်ခိုက်ပါက အနီးဝန်းကျင်ရွာများကို တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်း ထိုးခြင်း၊ ကင်းပုန်းဝပ်ခြင်းကို အချိန်အတိုင်းအတာတစ်ခုအထိသာ လုပ်နိုင်ပြီး ပြန်ဆုတ်သွားလေ့ရှိသည်။

စစ်အာဏာရှင်တပ်အနေဖြင့် ကြည်း၊ လေ အားပြုပြီး စစ်ကြောင်းထိုးနေသော်လည်း ပြည်ထောင်စုလမ်းကို စစ်အာဏာရှင် တပ်ဘက်က အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း အထူးတိုင်းစစ်ဌာန ၊ နည်းဗျူဟာ ၃၃၊ အမှတ် ၈၀၀၂ တပ်ရင်း (KBDF) ၏ တပ်ရင်းမှူး ရဲဘော်အောင်ပန်းက ဆိုသည်။

“ပြည်ထောင်စု လမ်းမပေါ်မှာတော့ သူတစ်လှည့် ကိုယ်တစ်လှည့်ပဲ။ စစ်ရေးမှာ အမြဲတမ်းနိုင် အမြဲတမ်းရှုံး ဆိုတာ မရှိဘူးလေ။ ဘတစ်ပြန် ကျားတစ်ပြန်ပဲ” ဟု ရဲဘော်အောင်ပန်းက ပြောသည်။

စစ်အုပ်စုနှင့် ရုရှားနိုင်ငံအနေဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်က ကုန်ထုတ်လုပ်ရေး၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး စသည့် လုပ်ငန်းများလုပ်ကိုင်ရန်ထက် စစ်ရေးအရ ခြေကုပ်ယူနိုင်ရေးဖြစ်သည်ဟု ယူဆချက်များလည်းရှိသည်။

MAGGA Initiative အဖွဲ့ တာဝန်ရှိသူ မဆုဆုကလည်း ရုရှားအကူအညီနဲ့ စီမံကိန်းကို အလောတကြီးအကောင်အထည် ဖော်ရန် ကြိုးစားလာခြင်းမှာ စစ်အုပ်စုက နယ်မြေပိုမိုထိန်းချုပ်ရန်ဖြစ်နိုင်ကြောင်း ဆိုသည်။

“စစ်ကောင်စီအနေနဲ့ ရုရှားမှာ စစ်ရေးအကူအညီတွေ ရယူနေတာဖြစ်သလို နယ်မြေထိန်းချုပ်နိုင်ဖို့ အထူးသဖြင့် ဒီလို ထားဝယ်စီးပွားရေးဇုန်လို စစ်ရေးအရ စီးပွားရေးအရ ဗျူဟာမြောက် ပစ်မှတ်ထားတဲ့ နေရာတွေကို ထိန်းချုပ်နိုင်ဖို့ဆိုရင် ပိုပြီးတော့တောင် ဖြစ်နိုင်ခြေရှိပါတယ်” ဟု ၎င်းက သုံးသပ်သည်။

ပြည်သူတွေ ပိုဒုက္ခရောက်နိုင်တယ်

ဒုတပ်ချုပ် မကြုံးဝါးမီအချိန်ကတည်းကပင် ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာအတွင်းရှိ ပြည်သူများက စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးမှုများကြောင့် အိုးအိမ်စွန့်ခွာပြီး တောတောင်ဥယျာဉ်ခြံများအတွင်းသို့ မကြာခဏ ထွက်ပြေးနေရသည်။

လက်ရှိတွင် စစ်အာဏာရှင်တပ်၏ မြေပြင်ထိုးစစ်ရော လေကြောင်းတိုက်ခိုက်မှုပါ အရှိန်မြှင့်လာနိုင်သည့်အတွက် စစ်ရေး သတင်းအချက်အလက်များကို ဒေသခံများ အချိန်နှင့်တပြေးညီ သိရှိနိုင်ရေး လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း မဆုဆုက အကြံပြုပါတယ်။

“ရပ်ရွာတာဝန်ရှိသူတွေအနေနဲ့ အသိပေးဖို့လိုအပ်တဲ့ စစ်ရေးသတင်းအချက်အလက်တွေ၊ လေကြောင်းတိုက်ခိုက်မှု သတင်းအချက်အလက်တွေကို ပြည်သူတွေ အချိန်နှင့်တပြေးညီ သိရှိနိုင်ဖို့ ဆောင်ရွက်ပေးဖို့လိုပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင်ပင် စစ်အာဏာရှင်တပ်စစ်ကြောင်းထိုးလာတိုင်း တောတောင်နှင့် ဥယျာဥ်ခြံများအတွင်း ထွက်ပြေးတိမ်းရှောင် နေရချိန် ထိုးစစ်အရှိန်ထပ်မြှင့်လာပါက ရွာတွင်မနေတော့ဘဲ အခြားမြို့များကို ပြောင်းရွှေ့ပြီး အခြေချနေထိုင်ရမည့် အနေအထားဖြစ်လာနိုင်ကြောင်း နဘုလယ်တိုက်နယ်အတွင်းနေထိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

နဂိုကတည်းက မအေးချမ်းသည့် ဒေသမှာ ယခုမူ စစ်မီး ပိုပူလာဖွယ်ရှိရာ ဒေသခံများမှာ ပိုမိုရတက်မအေး ဖြစ်လာရသည့် ကိန်းဆိုက်နေပြန်သည်။

“ဒေသခံတွေကတော့ တောတောင်ထဲမှာပဲ နေရတော့မယ်ထင်တယ်။ ပိုက်ဆံရှိတဲ့သူတွေကတော့ မြို့ပေါ်မှာပဲ အိမ်တွေဝယ်ပြီး သွားနေရတော့မယ်” ဟု အထက်ပါဒေသခံ အမျိုးသမီးက ပြောဆိုလိုက်သည်။